ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးသို့ ယနေ့ မွန်းလွှဲ ၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှထမ်မံဗုံးကြဲပစ်ခတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အလန့်ဘွမ် (Alen Bum) တောင်အနီးတွင်  ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်နဲ့ဗုံးချပြီ အခုလေးတင်ပဲ ကျတာက မနေ့ကနေရာမှာပဲဟုတ်တယ်။ အလန့်ဘွမ်အနီးမှာ တစ်လုံးပဲချပြီးပြန်ခေါက်သွားပြီ၊ ပြန်ခေါက်သွားပြီဆိုပေမဲ့ ခဏကြာရင်ပြန်လာနိုင်တယ်။ အခုလည်းသတိထားပြီးနေနေရတယ်” ဟုပြောသည်။

ဗန်းမော်မြို့မှ ထွက်ခွာလာသည့် လေယာဉ်သည် ခယာချောင်းအတိုင်း ပျံသန်းခဲ့ပြီးနောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အလန့်ဘွန်မှာ တစ်စီးထဲပဲ တစ်ကြိမ်ပစ်သွားတာ။  ပေါက်ကွဲအားသိပ်မပြင်းဘူး။ ဇောက်ထိုးဆင်းပြီးပစ်သွားတာဟု” ဆိုသည်။

အဆိုပါ‌နေရာကို ယမန်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ သုံးကြိမ်တိုင်လာရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးများ ဆက်လက်ပစ်ခတ်ခဲ့သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ကန်ဒေါင်ယန်ဗျူဟာကုန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ နံနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက် ခဲ့သည်။

စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင် စခန်းဝန်းကျင်တစ်ဝိုက်သို့ ယမန်နေ့ နံနက် ၇ နာရီခန့်မှ စတင်ကာ လက်နက်ကြီးများ ရပ်းသမ်းပစ်ခတ်ခဲ့သလို လေကြောင်းမှလည်း အကြိမ်ကြိမ်လာရောက် ပစ်ခတ်နေခြင်း ဖြစ်သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ