KIA အဖွဲ့

ဖားကန့်မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီခန့်မှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တပ်မဟာ (၉) တပ်ရင်း (၆) တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်သားတွေအခုတစ်လောလှုပ်ရှားနေပြီ၊ အခုလိုလှုပ်ရှားနေတာသုံးရက်လောက်ရှိပြီ။ KIA ဘက်က မနေ့ညကနေစောင့်နေပြီ ဒီမနက်မှထွက်လာလို့ တိုက်ပွဲဖြစ်နေတာ။ အခုထိလည်းပစ်နေတုန်းပဲ” ဟုပြောသည်။

နန့်မဖြစ်ကျေးရွာနှင့် ၁၂ မိုင်ခန့်အကွာရှိ ဘွမ်ရာယန်ကျေးရွာအနီးတွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၇၆) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နမ့်တိန်ကျေးရွာဘက်ကတက်လာတဲ့ စစ်ကောင်စီတွေကို ဒီမနက်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်ပေးနေတယ်” ဟုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့ညကလည်း ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်စိမ်းကုမ္ပဏီတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့ တာမခန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA)နှင့် KPDF ပူးပေါင်းတပ်တို့က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ