လမ်းဘေးတွင် နွားထိန်းကာလမ်းလျောက်နေသည့် အဘိုးအိုတစ်ဦး ယမန်နေ့ည ၇ နာရီခန့်က မိုင်းနားကျေးရွာတွင် ဆိုင်ကယ်ဖြင့်တိုက်မိသဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

လူငယ်သုံးဦးစီးနင်းလာသည့်ဆိုင်ကယ်က လမ်းလျောက်နေသည့် အဘိုးအိုကို ဟိန်းအောင်စက်သုံးဆီဆိုင်အနီးတွင် တိုက်မိသဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ခြေ၊ လက်တွေဘာတွေတော့ မကျိုးဘူး။ နဖူးနား ထိပ်နားလေးမှာချိုင့်ဝင်သွားတာ ဆံပင်နဲ့ အစပ်နားလေးမှာပေါ့နော်။ အဖိုးကြီးကနွားမောင်းလာတာလေ၊ ဆိုင်ကယ်ကနွားကိုမြင်တော့ ရှောင်လိုက်တာပေါ့ နွားရဲ့အနောက်မှာဆိုတော့ မထိန်းနိုင်ပဲ တိုက်သွားတဲ့သဘောပဲ အဲ့လိုပဲတွေ့ရတယ်။ ဆေးရုံသွားဖို့ခေါ်သွားတဲ့အချိန်ကားပေါ်မှာပဲဆုံးသွားတာ” ဟုပြောသည်။

သေဆုံးသူမှာ မိုင်းနားကျေးရွာဒေသခံ အသက် ၈၂ နှစ်ခန့်အရွယ်ရှိ ဦးဂျွန်ဖောက်ခေါင်လွမ်းဆိုသူဖြစ်ပြီး ရုပ်အလောင်းကို နေအိမ်သို့ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်စီးနင်းလာသည့် ဆယ်ကျော်သက်အရွယ်လူငယ်သုံးဦးမှာ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး လက်ရှိ ဝိုင်းမော်မြို့နယ် ရဲစခန်းတွင်ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာတွင် ဈေးဝယ်ပြီးပြန်လာသော သားအမိနှစ်ဦးကို သုံးဘီးဆိုင်ကယ်ဝင်တိုက်ခဲ့ရာ အသက် (၄) နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ပုံ – မွန်မြတ်စေတနာ လူမှုကူညီနေအသင်း FB page

သင့်ထင်မြင်ချက်ရေးပေးပါ