စစ်ကောင်စီက ယနေ့နံနက်တွင်ကျင်းပပြုလုပ်မည့် မီးရထားလမ်းပိုင်းဖွင့်ပွဲသို့ ပြည်သူများအနေဖြင့် မတက်ရောက်ကြရန် မိုးကောင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF – Mogaung က အထူးအသိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

မိုးကောင်း – မြစ်ကြီးနား မီးရထားလမ်းပိုင်းဖွင့်ပွဲကို မိုးကောင်းဘူတာတွင် ယနေ့ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အဆိုပါဖွင့်ပွဲသို့မတက်ရောက်ကြရန်နှင့် စစ်ကောင်စီ၏ ယန္တရားလည်ပတ်နိုင်ရန် တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်နေသော မီးရထားလုပ်ငန်းအား လျစ်လျူရှုပေးကြရန် မေတ္တာရပ်ခံကြောင်း KPDF – Mogaung တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေရယ်၊ ရဲမှူးတွေရယ်၊ စစ်တပ်ကတွေ သူတို့ကိုယ်တိုင်ဦးစီးပြီးမှ ဖွင့်မှာလို့သိရတယ်။ အလုပ်ကတော့ အနှေးနဲ့အမြန် ကျွန်တော်တို့တွေလုပ်ဖြစ်မှာတော့သေချာတယ်။ ဒါတွေက ပြည်သူတွေကို ကြိုတင်သတိပေးထားတာပေါ့လေနော်” ဟုဆိုသည်။

ဖွင့်ပွဲတက်ရောက်ကြမည့် ပြည်သူများနှင့် စစ်ကောင်စီ၏ မီးရထားပေါ်တွင် လိုက်ပါစီးနှင်းကြမည့် ပြည်သူများ၏ လုံခြုံရေးကို မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုံးဝတာဝန်မယူပါကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

မြစ်ကြီးနား-မိုးကောင်းရထားလမ်းပိုင်းကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှ ပြန်လည်စတင်ပြေးဆွဲနေပြီး ဖွင့်ပွဲမတိုင်မီ မြစ်ကြီးနားဘူတာရှေ့တွင် စစ်ကောင်စီတပ်၏သယ်ယူပို့ဆောင်ရေးယာဉ်များ ပိတ်ဆို့ထားသည်ကို တွေ့ရသည်။

မြစ်ကြီးနားနှင့်မိုးကောင်းမြို့သည် မိုင်ပေါင်း ၄၀ ခန့်ကွာဝေးပြီး မြို့နှစ်မြို့ကြားတွင် နန်းကွေ့၊ ပြည်ထောင်၊ မလိခ၊ နမ့်ခန်း၊ မရမ်း၊ နမ္မတီးစသည့် ဘူတာများရှိသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ