တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက်မှစတင်ကာ တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကြက်သွန်ခင်းကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၈၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် ပြည်သူ့ကာကွယ်ရေး ပ.က.ဖ ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“မနေ့တုန်းက မော်ကွန်းကနေပစ်လိုက်တဲ့ (ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက ထီးချိုင့်ထဲဝင်ဖို့ ကြိုးစားနေတာ။ အဲဒီလူတွေကိုတားနေတာ ပ.က.ဖ အဖွဲ့က။ ကျွန်တော်တို့ဘက်က ကလေး တစ်ယောက်ကျတယ်။ ဒီကနေ့တော့ လေယာဉ်နဲ့မပစ်ဘူး” ဟုဆိုသည်။

တိုက်ပွဲမှာ ယနေ့နံနက် ၁၁ နာရီခွဲမှ ညနေ ၅ နာရီခန့်အထိ ၆ နာရီနီးပါးကြာမြှင့်ခဲ့ကြောင်း သူကပြောသည်။

ယမန်နေ့က မောကွန်းတောင်အနောက်ဘက် တောင်ရိုးတစ်လျှောက်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထီးချိုင့်မြို့ရှိ ဆေးရုံသို့ပို့ဆောင်ရန် သယ်ဆောင်လာသည့် စစ်ကြောင်းက ဒိုးပင်ကျေးရွာအဝင်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကလည်း တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တိုက်ပွဲများတွင် ပူးပေါင်းပါဝင်နေသည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် နေ့စဉ်တိုက်ပွဲများပြင်းထန်နေသည်မှာ ၆ ရက်ခန့်ရှိပြီဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်းရှိကာ ထီးချိုင့်မြို့နယ် မြောက်ဘက်ခြမ်းရှိကျေးရွာများတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ