လက်နက်ကိုင်ဆောင်ထားသည့် လူငယ်ခုနှစ်ဦး ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ငွေလွှဲငွေထုတ်ဆိုင်တစ်ခုကို ဝင်ရောက်ဓားပြတိုက်သွားကြောင်း သိရသည်။

လုံးခင်းကျေးရွာ ရပ်ကွက် (၂) ရှိ မဂျာနူးဆေးဆိုင်နှင့် ငွေလွှဲငွေထုတ်ဆိုင်ကို လင်ခရူဇာအမျိုးအစားကားနှစ်စီးဖြင့် လူငယ်ခုနှစ်ဦးက ငွေကျပ်သိန်း ၁၂၀၀ ခန့် လုယူသွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေအသီးသည် အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဆိုင်က ဆေးနဲ့ ငွေလွှဲငွေထုတ်ဆိုပြီးတွဲဖွင့်ထားတာပေါ့။ ငွေလာလွှဲတဲ့သူတွေဆီကပါ ပိုက်ဆံတွေ ယူသွားပေးတယ်လို့သိရတယ်။ Mask အမဲတပ်ထားတယ် သေနတ်အတိုတွေ ကိုင်လာတာ။ မပေးရင် ပစ်မယ်လို့ပဲသူတို့ပါးစပ်ကပြောနေတယ်” ဟုပြောသည်။

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ဆိုင်ကိုပိတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးသည်ကို မတွေ့ရှိကြောင်း ရပ်ကွက်နေ အသက် ၄၂ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

“အနီးအနားမှာလည်း စစ်တပ်ဂိတ်တွေရှိနေတာ ဘာလို့လာမစစ်တာလဲ အံ့ဩတယ်။ အဲ့လောက်ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကို။ ကာယကံရှင်ကတော့ သက်ဆိုင်ရာလူကြီးတွေကို တိုင်ထားတယ်လို့တော့ ပြောတာပဲ” ဟုပြောသည်။

ကျူးလွန်ခဲ့သည့် လူငယ်များမှ တစ်ဦးမှာ သေနတ်အတိုတစ်လက်ကိုင်ဆောင်ကာ ဆိုင်အတွင်းရှိနေသူများကို ခြိမ်းခြောက်ပြောဆိုခဲ့ပြီး နှစ်ဦးမှာ ငွေလွှဲကောင်တာမှ ငွေများကို အိတ်အမဲများဖြင့် ထည့်ယူသွားသည် CCTV ရုပ်သံမှတ်တမ်းများအရသိရသည်။

ဖားကန့်မြို့နယ်တွင် ခိုးဆိုးလုယက်မှုနှင့် လူသတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း ဖားကန့်မြို့ လုံးခင်ကျေးရွာ ရပ်ကွက် (၂) ရှိ မိုးရတနာရွေဆိုင်တွင်လည်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း (၅၀၀၀) ကျော်ခန့်တန်ဖိုးရှိသည့် ရွှေထည်များလုယူခံခဲ့ရသည်။

သတင်း – Pe Te

သင့်ထင်မြင်ချက်ရေးပေးပါ