ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်းများဆက်တိုက်ဆိုသလိုသိမ်းဆည်းခံနေရချိန် မြစ်ကြီးနား-မိုးကောင်းမီးရထားပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေကြောင်း သိရသည်။

မြစ်ကြီးနားဘူတာကြီးကို ပြီးခဲ့သည့် အောက်တိုဘာလက ပြန်လည်ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းနှင့် ဆေးသုပ်ခြင်းများပြုလုပ်ခဲ့ကြပြီး မြစ်ကြီးနား – မိုးကောင်းမီးရထားကို နိုဝင်ဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ တစ်ပါတ်တိတိ အခမဲ့လိုက်ပါစီးနင်းခွင့်ပေးမည်ဖြစ်သည်ဟု CDM မီးရထားဝန်ထမ်းတစ်ဦးကပြောသည်။

“NON CDM တွေ မီးရထားမောင်းမယ်လို့ကြားတယ်။ သူတို့လည်းဖိအားရှိလို့ ပြန်မောင်းကြရတာမျိုးပါ။ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက စက်ခေါင်းတွေပြင်ဆင်နေတယ် ရုပ်ပြပေါ့။ မီးရထားပြန်ပြေးဆွဲမှာကိုဝမ်းသာပါတယ် ပြည်သူတွေဈေးသက်သက်သာသာနဲ့ဝယ်စားရမယ်။ စကစက လက်နက်သယ်မှာကိုပဲ စိုးရိမ်တယ်” ဟုပြောသည်။

မီးရထားသံလမ်းရိုးတစ်လျှောက်တွင် စစ်ကောင်စီတပ်စခန်းများရှိပြီး မကြာခဏ မိုင်းခွဲတိုက်ခိုက်မှုများရှိသောကြောင့် မီးရထားမစီးရဲကြောင်း အသက် ၃၅ နှစ်ခန့်အရွယ်ရှိ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

“နမ္မတီး – မလိခနဲ့ မရမ်းကြားမှာက စစ်တပ်လည်းရှိတယ် KIA ကလည်းအဲ့ဒီနားပဲ အမြဲတမ်း လာပစ်တတ်တဲ့အတွက် ကျွန်မတို့ကတော့ရထားမစီးရဲဘူး” ဟုပြောသည်။

မိုးကောင်းဘူတာကျော်ပါက တံတားအားလုံးနီးပါးပျက်စီးနေသောကြောင့် မြစ်ကြီးနား – မိုးကောင်းနှင့် မိုးကောင်း – မြစ်ကြီးနား အသွားအပြန် မီးရထားခရီးစဉ်သာပြေးဆွဲသွားမည်ဖြစ်ပြီး နိုဝင်ဘာလ (၁) ရက်နေ့တွင် လိုက်ပါစီးနင်းမည့်ခရီးသည်များကိုလည်း မျက်နှာသုတ်ပဝါနှင့် ပိုက်ဆံများကိုပါ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားနှင့်မိုးကောင်းမြို့သည် မိုင်ပေါင်း ၄၀ ခန့်ကွာဝေးပြီး မြို့နှစ်မြို့ကြားတွင် နန်းကွေ့၊ ပြည်ထောင်၊ မလိခ၊ နမ့်ခန်း၊ မရမ်း၊ နမ္မတီးစသည့် ဘူတာများရှိသည်။

မြန်မာ့မီးရထားတွင် ပို့ဆောင်ရေး၊ မြို့ပြအင်ဂျင်နီယာနှင့် စက်မှုဌာနဟုသုံးခုရှိရာ စစ်တပ်အာဏာပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်ပြီး စက်မှုဌာနမှ ဝန်ထမ်း ၄၄ ဦးအပါအဝင် ဝန်ထမ်းအားလုံးနီးပါ CDM ပြုလုပ်ခဲ့ကြသည်။

သတင်း – မြစ်ကြီးနားသူ

သင့်ထင်မြင်ချက်ရေးပေးပါ