ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သော မြစ်ကြီးနား- ဗန်းမော်ကားလမ်းရှိ ကန်တော်ယန်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူး သေဆုံးခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

နှစ်နာရီခွဲကြာမြင့်သော စခန်းသိမ်းတိုက်ပွဲအတွင်း ကန်တော်ယန်စခန်းကို ဦးဆောင်နေသော စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၇) ၏ တပ်ရင်းမှူး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် မည်မျှသေဆုံးသည်ကို မသိရသေးဘဲ သေဆုံးသွားသော တပ်ရင်းမှူးမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းခြင်းမရှိသေးပေ။

The 74 Media ရရှိခဲ့သော ကန်တော်ယန်စခန်းသိမ်းတိုက်ပွဲမှတ်တမ်းဓါတ်ပုံတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်တံဆိပ်ဖြင့် သေဆုံးနေသော စစ်ကောင်စီတပ်သား နှစ်ဦးနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့ကိုလည်းတွေ့မြင်ရသည်။

ကန်တော်ယန်စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို ယနေ့ နေ့လယ် ၂ နာရီခွဲခန့်မှစပြီး လိုင်ဇာမြို့အနီး အလန့်ဘွမ်တောင်ကုန်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ငါးရက်မြောက်နေ့အဖြစ် ကချင်ပြည်နယ်တွင် ကန်တော်ယန်စခန်းကို သိမ်းပိုက်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၃၂၄) အား သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် တ‌အောင်းတပ်မတော် (TNLA) သည်လည်း လားရှိုးနှင့် သိန္နီမြို့နယ်ကြား စစ်ကောင်စီတပ်၏ မိုင်းပါးတပ်စခန်းကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ယခုကဲ့သို့ ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း တိုက်ခိုက်ကြရန် လေးလေးနက်နက် တိုက်တွန်းကြောင်း ရေးသားထားသည်။

“၁၀၂၇ စစ်ဆင်ရေး” လေးရက်မြောက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့များကို ထိန်းချုပ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၈၀ ခန့်ကို သိမ်းဆည်းခဲ့ပြီးဖြစ်သည်။

သတင်း – David
ပုံ – ကန်တော်ယန်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်သားနှစ်ဦး။

သင့်ထင်မြင်ချက်ရေးပေးပါ