ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ် လိုင်ဇာအနီး ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် သုံးကြိမ်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အလဲန်းဘွမ်တောင်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးက နှစ်ကြိမ်ပစ်တယ်။ ပြီးရင်အငွေ့ကတစ်ကြိမ်ပေါ့။ အငွေ့တွေအရမ်းထွက်တယ်။ ဘာအငွေ့လဲတော့မသိဘူး။ အသံလည်းအရမ်းမကျယ်ဘူး၊ လက်နက်ကြီးပစ်တာလောက်မကျယ်ဘူး။ အငွေ့အတန်းအရှည်ကြီး ဖြစ်ပြီးတော့ မိုးပေါ်ကနေဆင်းကျသွားတယ်။ တစ်ခုက သင်္ချိုင်းကုန်းနား ကျလောက်တယ်” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးရှိ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း အခြားမြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“လေယာဉ်နဲ့ဗုံးလာချတာ မိုင်းစတွေက ငါတို့ခေါင်မိုးတွေတောင်ပေါက်သွားတယ်။ လေယာဉ်ကတော့ မနက်ကတည်းက ဝဲနေတာ ၈ နာရီလောက်ကစဝဲတာဟုတ်တယ်။ အခုညနေပိုင်းမှဗုံးကချတာ။ သုံးချက်ပစ်တာ ငါတို့အနားမှာပဲကျတာလေး အခုကသတိထားပြီးနေကြရတယ်” ဟုပြောသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ စစ်ကောင်စီ ကန်ဒေါင်ယန်ဗျူဟာကုန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက် အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် လိုင်ဇာမြို့အနီးရှိစစ်ကောင်စီစခန်းများက လိုင်ဇာမြို့အနီးတစ်ဝိုက်နှင့် မုန်လိုင်ခက်စစ်ရှောင်စခန်းဝန်းကျင်တစ်ဝိုက်သို့ နံနက် ၇ နာရီခန့်မှစတင်ကာ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

စစ်ကောင်စီ၏ ခါယာတောင်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် ရက္ခိုင့်တပ်တော် (AA) တပ်စခန်းများရှိရာ ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်ထားသည်။

သတင်း – Pan soon, Dureng

ဓါတ်ပုံ – လိုင်ဇာမြို့တစ်ဖက်ကမ်း တရုတ်နိုင်ငံမှ မြင်ရပုံ

သင့်ထင်မြင်ချက်ရေးပေးပါ