ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ စစ်ကောက်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၂၄) ကို ယမန်နေ့ညနေ ၆ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

နမ္မတူမြို့နယ် မုံးမော် – နမ့်ဟိုင်းရှိ စစ်ကောင်စီစခန်းကို KIA တပ်ရင်း ၈၊ ၃၄ နှင့် ၂၉ တို့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု မူဆယ်မြို့နေ KIA နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ ကျော်၊ ၈၅ ယောက် ရှိတယ်တဲ့။ စစ်တပ်က ဒဏ်ရာရတဲ့သူ သေတဲ့သူ အရမ်းများတယ်တဲ့။ သေတဲ့ စာရင်းတော့ အတိအကျ မပြောပြဘူး။ ဒါပေမဲ့ ဒဏ်ရာရတဲ့ သူထက် သေဆုံးတဲ့သူ ပိုများတယ်လို့တော့ ပြောတယ်” ဟုပြောသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ စစ်ကောင်စီ ကန်တောင်ယန်ဗျူဟာကုန်ကိုလည်း ယနေ့နံနက် အစောပိုင်းက ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

The 74 Media က စုဆောင်းထားသည့်အချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း ခ.မ.ရ (၃၂၄) သည် တိုက်ပွဲဖြစ်ပွားပါက လူနေထူထပ်သည့်နေရာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်လေ့ရှိသည့် တပ်စခန်းတစ်ခုဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” ၏ စတုတ္ထမြောက်နေ့ (အောက်တိုဘာ ၃၀ ရက်နေ့) တွင် မန်ယန်းဒေသရှိ စစ်ကောင်စီစခန်း ၁၃ ခုနှင့် စစ်ကောင်စီတပ်၏ တရုတ်နိုင်ငံထုတ် WMA 301 တိုက်ခိုက်ရေးသံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးလိုက်ပြီး အခြားနှစ်စီးကိုလည်း သိမ်းဆည်းရမိထားသည်ဟု ကိုးကန့်စစ်သတင်းများထုတ်ပြန်လေ့ရှိသည့် The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ညီနောင်မဟာမိတ်တပ်များဖြစ်ကြသည့် ကိုးကန့် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အခြားမဟာမိတ်တပ်များပါဝင်လျက်ရှိသည်။

သတင်း – Pan soon,
ဓါတ်ပုံ – မုံးမော်ရှိ စစ်ကောင်စီတပ်စခန်း။

သင့်ထင်မြင်ချက်ရေးပေးပါ