တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့မှ ဒေသခံပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တာမိုးညဲမြို့ ရပ်ကွက် (၂) ဒေသအခေါ် ရန်လိုချောက်ရှိ အိမ်သစ်တက်ဆုတောင်းပွဲပြုလုပ်ရန် ပြင်ဆင်နေသည့်နေအိမ် ဧည့်ခန်းတွင်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဧည့်ခန်းတည့်တည့်ကိုကျတော့ ထိုင်နေတဲ့ လူကြီးတွေနဲ့ လူငယ်တစ်ယောက်ဒဏ်ရာရခဲ့တယ်။ အသက်အကြီးဆုံးအဖိုးက ခေါင်းမှာတော်တော်ထိပြီး ခြေထောက်တွေလည်းထိသွားတယ်။ အသက်အငယ်ဆုံးလေးက ပိုဆိုးတယ်၊ ဆရာဝန်တွေပြောတာက သူ့သွေးကြောမတွေအကုန်ထိပြီး သွေကြောသေကုန်တာတဲ့။ ပြင်းထန်တာက လေးယောက်လို့ပြောလို့ရတယ် နောက်တစ်ယောက်ကလည်း နောက်ကြောတစ်ပြင်လုံးမှာ မိုင်းစတွေထုတ် အရင်ခွဲစိတ်ကြတာ” ဟုပြောသည်။

လက်နက်ကြီးကို တာမိုးညဲမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၂၉၀) ကပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားခြောက်ဦးဖြစ်ပြီး အသက် ၇၀ ကျော်ခန့်အရွယ်တစ်ဦး၊ အသက် ၆၀ ကျော်ခန့်အရွယ်တစ်ဦး၊ အသက် ၅၀ ကျော်အရွယ်တစ်ဦး၊ အသက် ၄၀ ကျော်အရွယ်သုံးဦးနှင့် အသက် ၁၈ နှစ်အရွယ်တစ်ဦးတို့ပါဝင်သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၉) ရက်နေ့ကလည်း ခ.လ.ရ (၂၉၀) က ရမ်သမ်းပစ်ခတ်သည့် လက်နက်ကြီး တာမိုးညဲမြို့ ရပ်ကွက် (၃)ရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတရုတ်လူမျိုး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကွတ်ခိုင်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ