“၁၀၂၇ စစ်ဆင်ရေး” ၏ စတုတ္ထမြောက်နေ့တွင် စစ်ကောင်စီစခန်း ၁၃ ခုနှင့် သံချပ်ကာတိုက်ခိုက်ရေးယာဉ်တစ်စီး ထပ်မံသိမ်းဆည်းရမိကြောင်း ကိုးကန့် (MNDAA) တပ်က ထုတ်ပြန်လိုက်သည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များက အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်မှ ညနေ ၇ နာရီခွဲအချိန်ခန့်အထိ မန်ယန်းဒေသတွင် စစ်ကောင်စီစခန်းကုန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကိုးကန့်စစ်သတင်းများထုတ်ပြန်လေ့ရှိသည့် The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် တပ်မ (၉၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခ.မ.ရ (၁၁၃) ကိုလည်း လေးရက်တာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရှေ့တန်းစစ်မျက်နှာပြင်ကို ဆက်လက်ရှင်းလင်းနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ တရုတ်နိုင်ငံထုတ် WMA 301 တိုက်ခိုက်ရေးသံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးလိုက်ပြီး အခြားနှစ်စီးကိုလည်း သိမ်းဆည်းရမိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများသို့ လေကြောင်းမှတဆင့်ဗုံးကြဲတိုက်ခိုက်နေသော်လည်း စခန်းများဆက်လက်ဆုံးရှုံးနေရခြင်းဖြစ်သည်။

The Kokang စာမျက်နှာပါအချက်အလက်များနှင့် ကိန်းဂဏန်းများကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ညီနောင်မဟာမိတ်တပ်များဖြစ်ကြသည့် ကိုးကန့် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အခြားမဟာမိတ်တပ်များပါဝင်လျက်ရှိသည်။

သတင်း – Hkashi

ဓာတ်ပုံ – The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ