စစ်ကောင်စီ လက်နက်ကြီး

စစ်ကောင်စီစခန်းများ ယနေ့နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခံနေရသဖြင့် လိုင်ဇာမြို့အနီးရှိစစ်ကောင်စီစခန်းများက လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

လိုင်ဇာမြို့အနီးတစ်ဝိုက်နှင့် မုန်လိုင်ခက်စစ်ရှောင်စခန်းဝန်းကျင်တစ်ဝိုက်သို့ နံနက် ၇ နာရီခန့်မှစတင်ကာ ပစ်ခတ်နေခြင်းဖြစ်သည်ဟု မုန်လိုင်ခက်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“အသံတွေကတော့ အခုလည်းကြားနေရတယ်။ ဘယ်မှာဘယ်မှာကျလဲတော့မသိဘူး။ ကျွန်မတို့နေတဲ့ နေရာဘက်ကို လေယာဉ်တွေလည်းလာတယ်။ လက်နက်ကြီးကျတဲ့အသံ ပေါက်ကွဲသံတွေလည်းကြားနေရတယ်” ဟုဆိုသည်။

လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေသည့် စခန်းကုန်းများကိုလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) အနေဖြင့် အမြန်ဆုံးသိမ်းပိုက်စေလိုသည်ဟု လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးရမ်းသမ်းပစ်တဲ့ စခန်းကုန်းတွေကို အမြန်သိမ်းမှဖြစ်မှာ။ ဒီစခန်းတွေကနေပဲ လက်နက်ကြီးတွေအမြဲတမ်းပစ်နေတာ။ ခယာတောင်၊ ဘွမ်ရဲ့တောင်၊ ကဂမ်ဘွမ်နဲ့ ဂိဒေါန်လိုစခန်းတွေကိုလည်း အမြန်ဆုံးသိမ်းစေချင်တယ်” ဟုဆိုသည်။

စစ်ကောင်စီ၏ ခါယာတောင်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် ရက္ခိုင့်တပ်တော် (AA) တပ်စခန်းများရှိရာ ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်ထားသည်။

ပြီးခဲသည့် အောက်တိုဘာလ ၉ ရက်နေ့ညက လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်ဝေးသည့် မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်တိုက်ခိုက်ခံရစဉ်ကလည်း ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးခဲ့သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ စစ်ကောင်စီ ကန်တောင်ယန်ဗျူဟာကုန်ကိုလည်း ယနေ့နံနက် အစောပိုင်းက ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ