မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ ကန်တော်ယန်ဗျူဟာကုန်းကို ယနေ့နံနက် ၈ နာရီခွဲခန့်က ရက္ခိုင့်တပ်တော် (AA)နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တပ်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယနေ့နံနက် ၆ နာရီခန့်က တစ်ပြိုင်နက်တည်း သွားရောက်တိုက်ခိုက်ရာမှ ကန်တော်ယန်တပ်စခန်းကို ပထမဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ကန်တော်ယန်ကိုတော့သိမ်းနိုင်ပြီ ကျွန်တော်တို့ထိုင်လိုက်နိုင်ပြီ။ အဲ့ဒါကြောင့်လည်း လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ကြဲနေတုန်းပဲအခုချိန်ထိ။ သူကဗျူဟာကုန်းကြီးတစ်ခုဖြစ်တယ် သူတို့ရဲ့အဓိက မိန်းနေရာဟုတ်တယ် စစ်အားအင်တွေအဲ့မှာလာစုပြီး ထောက်ပို့ပြန်ဖြန့်တဲ့နေရာလေး” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းသည် မြစ်ကြီးနား – ဗန်းမော်လမ်းမတွင် အခြေချတပ်စွဲထားသည်မှာ ဆယ်စုနှစ်ခန့်ရှိပြီဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) ကဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီမနက် ခြောက်နာရီလောက်မှာ AA တွေ ဦးဆောင်ပြီးတော့ ကန်တော်ယန်စခန်းကို သွားတိုက်တာ။ ရှစ်နာရီလောက်မှာက ပြန်သိမ်းလိုက်နိုင်ပြီ။ တစ်နာရီလောက်ပဲ တိုက်လိုက်တယ်။ သေတာတွေ အရှင်ဖမ်းမိတဲ့ စာရင်း အတိအကျတော့ မသိရသေးဘူး” ဟုပြောသည်။

သွားရောက်တိုက်ခိုက်ရာတွင် အခြားတော်လှန်ရေးတပ်အချို့က ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး ထိခိုက်သေဆုံးမှုနှင့် ဖမ်းဆီးသိမ်းယူရရှိနိုင်မှုများကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သတင်း – Pan soon, Zami

ဓာတ်ပုံ – CJ (ကန်တော်ယန်ဗျူဟာကုန်း)

သင့်ထင်မြင်ချက်ရေးပေးပါ