ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်စခန်းကို ယမန်နေ့နံနက် ၄ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ကြောင်းသိရသည်။

မကျီးတုံကျေးရွာရှိ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို ပြောက်ကျားစနစ်ဖြင့် အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းဝင်စီးတာ အနီးကပ်စစ်ဆင်ရေး စကစဘက်က ဘယ်နှယောက်သေလဲ အတိအကျမသိသေးဘူး စခန်းသိမ်းလိုက်နိုင်တယ်။ ပကဖတစ်ယောက်ကတော့ အဲ့မှာပဲကျတာ နောက်နှစ်ယောက်ကတော့ ဆေးရုံရောက်မှကျသွားတာ” ဟုပြောသည်။

ကျဆုံးခဲ့သူများတွင် ပကဖတပ်ခွဲမှူးတစ်ဦး၊ တပ်ရင်းသုံးမှ တပ်ခွဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ပါဝင်ပြီး တစ်နာရီခွဲခန့်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပကဖတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ငါးနာရီခွဲလောက်မှာ စခန်းသိမ်းပိုက်နိုင်ခဲ့တယ်။ အဲ့စခန်းကအားလုံးပြာကျနေပြီ အခုတော့ (စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ ပြန်ရောက်နေပြီ။ မနက်(ယမန်နေ့)ကလေယာဉ်တက်တာတော့ရှိတယ်။ ဗုံးတွေဘာတွေတော့ မကြဲသေးဘူး။ အဲ့ရွာဘက်ကတော်တော်လေး လှုပ်ရှားတာဟုတ်တယ်” ဟုပြောသည်။

အဆိုပါစခန်းမှာ ခင်ဦးမြို့နှင့် တစ်မိုင်ခန့်အကွာအဝေးတွင်တည်ပြီး ယမန်နေ့နံနက် သွားရောက်တိုက်ခိုက်ချိန် ရွှေဘိုခရိုင်တပ်ရင်း – ၃ မှ ဦးဆောင်ကာ ခင်ဦးမြို့နယ် ပကဖနှင့် ပလဖများက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သွားရောက်တိုက်ခိုက်ရာတွင် လက်နက်ကြီး သုံးလက်နှင့် လက်နက်ငယ် ၁၃ လက် သိမ်ဆည်းရမိခဲ့ကြောင်း သိရသည်။

ခင်းဦးမြို့ပေါ် အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး MA1 သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ