ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွဲနေသည့် “၁၀၂၇ စစ်ဆင်ရေး” တတိယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇ ဦးကို အရှင်ဖမ်းမိကြောင်း ကိုးကန့် (MNDAA) တပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

ကိုးကန့်စစ်ရေးသတင်းများကိုထုတ်ပြန်ကြေညာလေ့ရှိသည့် The Kokang ဖေစ့်ဘုတ်စာမျက်နှာတွင် ဖော်ပြချက်အရ အမည်စိစစ်ဆဲကိုးကန့်စစ်မျက်နှာပြင်ရှိ စစ်ကောင်စီစခန်းတစ်ခုကို နှစ်ညနှင့်တစ်ရက်အကြာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး ၃၂ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် အချို့က အရပ်သားအဝတ်အစားများဝတ်ဆင်ထားပြီး အချို့ကို ထွက်ပြေးစဉ်ဖမ်းဆီးရမိသည်ဟု ရေးသားထားသည်။

အဆိုပါစစ်ဆင်ရေးတွင် စက်သေနတ်အကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခ.မ.ရ (၅၆၇) တပ်စွဲထားသည့် စခန်းများကို နှစ်နာရီခန့်တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းဆည်းရမိခဲ့ပြိး ၆၀ မမ ဗုံးသီး ၃၁ လုံး၊ လက်ပစ်ဗုံး ၁၄၂ လုံး၊ RPG ကျည် ၁၈ လုံး၊ စက်သေနတ်ကြီး (၁၂.၇ မမ) ကျည် ၁၅၀၀ နှင့် အခြားလက်နက်ခဲယမ်းများကို သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်ပါအချက်အလက်များအရ “၁၀၂၇ စစ်ဆင်ရေး” သုံးရက်တာကာလအတွင်း ကာကင်းစခန်းများ၊ စခန်းငယ်နှင့် စခန်းကြီးများ စုစုပေါင်း ၆၇ ခုကို သိမ်းဆည်းရမိထားသည်ဟု သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နှင့်ပတ်သက်သည့် The Kokang ဖေစ့်ဘုတ်စာမျက်နှာ၏ ထုတ်ပြန်ကြေညာချက်ပါ အချက်အလက်များကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ (၂၇) ရက်နေ့မှစတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် ကိုးကန့် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် အခြားတော်လှန်ရေးတပ်အချို့က ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိသည်။

သတင်း – Hkashi

ဓာတ်ပုံ – The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ