ဘာသာရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းအချို့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် သုံးရက်ဆက်တိုက်ဝါဒဖြန့်ဖော်ပြခဲ့သည်။

“လက်နက်ကိုင်သောင်းကျန်းသူအချို့က (၂၇-၁၀-၂၀၂၃) ရက်နေ့တွင် ရှမ်းပြည်နယ်အတွင်းရှိ နေရာအချို့ကို့ တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူအချို့အား အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်” ဟုရေးသားပြီး “တိုင်းပြည်အထိနာစေရန် ဆောင်ရွက် နေသောအကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်” ဟုရေးသားထားခြင်းဖြစ်သည်။

မြန်မာ့အလင်းသတင်းစာအပြင် စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်ချန်နယ်များတွင် ဖော်ပြခဲ့သည့် ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်း ၁၄ ခုထက်မနည်းရှိပြီး ဘာသာပေါင်းစုံအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ရုပ်ရှင်နှင့် ဂီတအစည်းအရုံးနှင့် စစ်တပ်အာဏာသိမ်းပြီးနောက် အဖွဲ့ဝင်သစ်များဖြင့် စစ်ကောင်စီတပ်က စိတ်ကြိုက်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီလည်းပါဝင်သည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို) က ကန့်ကွက်ရှုတ်ကြောင်း ထုတ်ပြန်နေချိန်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မံတုန်မြို့နယ်၊ မုံးမော်အုပ်စုရှိ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက အောက်တိုဘာလ ၂၇ ရက်နေ့တွင်စတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ လားရှိုး၊ နမ့်ခမ်း၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် လောက်ကိုင်စသည့်မြို့နယ်များရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

“၁၀၂၇” စတင်ခဲ့သည့်အချိန်မှ လေးရက်မြောက်အထိ ညီနောင်မဟာမိတ်တပ်များဖြစ်သည့် ကိုးကန့် MNDAA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA၊ ရက္ခိုင့်တပ်တော် AA နှင့်ပူးပေါင်းတပ်များက စခန်းပေါင်း ၇၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta

 

သင့်ထင်မြင်ချက်ရေးပေးပါ