အရက်သောက်သုံးထားသည့် အမျိုးသားနှစ်ဦးမောင်းနင်လာသည့်ဆိုင်ကယ် ယမန်နေ့ည ၈ နာရီခွဲခန့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် မတော်တဆမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တပ်ကုန်းရပ်ကွက် ရွှေလမ်းမပေါ်ရှိ Enrich Bar အရှေ့ရှိ ပလက်ဖောင်းကိုတိုက်ပြီး ဆိုင်ကယ်လဲချိန် နောက်မှအရှိန်ဖြင့်လာသောကားက ကြိတ်မိသဖြင့် ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မြစ်ကြီးနား)၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ကယ်ကမီးလည်းမပါဘူး၊ အရှိန်နဲ့ဘားရှေ့ကနေဖြတ်သွားတာတဲ့ ဘေးကသူတွေပြန်ပြောပြတာတော့ လမ်းဘေးကပလက်ဖောင်ကိုဝင်တိုက်ပြီးလဲတာ နောက်ကပါလာတဲ့ကားကလည်း အရှိန်နဲ့ သူတို့နှစ်ယောက်က ကားရှေ့မှာလဲသလိုဖြစ်ပြီး အဲ့လိုဖြစ်သွားတာ။ အရက်သောက်ထားတယ်ထင်တယ် ဆေးရုံရောက်မှ အရက်အရှိန်ကြောင့်လိုမျိုး ပြန်အန်နေတာ” ဟုပြောသည်။

သေဆုံးခဲ့သည့် ထီးချိုင့်မြို့မှ အသက် ၂၀ နှစ်ခန့်အရွယ်ရှိ မောင်ဝေဖြိုးမင်းဆိုသူမှာ ဦးခေါင်းနောက်စေ့ပြား၊ ဘယ်ဘက်နံရိုးကျိုးဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားမှာ မေးစေ့ကွဲကာ ညာလက်ဒူးခေါင်းပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောင်ကွင်းရှေ့တွင် ကားနှင့် ဆိုင်ကယ်ယာဉ်တိုက်မှူဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူအမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကားမောင်းသူထွက်ပြေးသွားသည်။

သတင်း – Doi Awng

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/မြစ်ကြီးနား

သင့်ထင်မြင်ချက်ရေးပေးပါ