ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ဆင်နွဲနေသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့က အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီစခန်းအချို့ကို ဆက်လက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

လားရှိုး၊ မုံကိုးနဲ့ လောက်ကိုင်မြို့နယ်များရှိ စစ်ကောင်စီစခန်း ၁၀ ခုထက်မနည်းကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွက် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ကိုးကန့်စစ်ရေးသတင်းတွေဖော်ပြနေသည့် ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှတဆင့် သိရသည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးထက်မနည်း အရှင်ဖမ်းမိထားပြီး သိမ်းဆည်းရမိသည့် ရဲစခန်းတစ်ခုမှ ငွေကျပ်သိန်း ၂၀၀ နှင့်အတူ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များသိမ်းပိုက်ခဲ့သည့် စခန်းတစ်ခုမှ လက်နက်ခဲယမ်းဂိုဒေါင်ကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကိုးကန့်ဒေသရှိလူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။

ထုတ်ပြန်ချက်များအရ အောက်တိုဘာလ ၂၈ ရက်နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် စစ်ကူရောက်ရှိလာသည့် တပ်မ (၃၃) လက်အောက်ခံ ခြေမြန်တပ်ရင်း ခ.မ.ရ (၁၃) ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်သည့်အတွက် အားလုံးနီးပါး သေဆုံးသွားသည်ဟု သိရသည်။

ရဟတ်ယာဉ်နဲ့ရောက်ရှိလာသည့် စစ်သည်အင်အား ၈၀ ခန့်တွင် ၇၀ ကျော်ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ချေမှုန်းလိုက်ပြီး သုံးဦးထက်မနည်းကို အရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှ သုံးရက်မြောက်အထိ ညီနောင်မဟာမိတ်တပ်များဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) နှင့် ပူးပေါင်းတပ်များက စခန်း ၅၀ ထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အထက်ပါကိန်းဂဏန်းများကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

“၁၀၂၇ စစ်ဆင်ရေး” ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ လားရှိုး၊ နမ့်ခမ်း၊ သန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် လောက်ကိုင်မြို့နယ်များမှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

သတင်း – Panglai

ဓာတ်ပုံ – The Kokang

 

သင့်ထင်မြင်ချက်ရေးပေးပါ