ကနီမြို့အနီး ယမန်နေ့ ညနေလေးနာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ယင်းမာပင်ခရိုင် တပ်ရင်း (၂၁)မှ တပ်စိတ်မှူးတစ်ဦး ကျဆုံးသွားကြောင်းသိရသည်။

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကနီမြို့အနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားသည်ဟု ကျောက်လုံးကြီး – KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံ ကိုအေတီက The 74 Media ကိုပြောသည်။

“စစ်ကြောင်းထိုးလာတဲ့လမ်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာ။ ကျဆုံးသွားတဲ့ရဲဘော်လည်း ပစ်ခတ်ရင်းနဲ့ကျည်ထိမှန်ပြီးကျသွားတာ။ မနေ့ညသတင်းရတာကတော့ သူတို့(စစ်ကောင်စီ)ဘက်ကလည်း ငါးယောက်လောက်တော့သေတယ်လို့သိရတယ်။ သူတို့ဘက်က အကျဆုံး အခုဆက်စုံစမ်းနေတုန်းပဲ” ဟုပြောသည်။

ကျဆုံးသူမှာ အသက် ၂၇ နှစ်ခန့်အရွယ်ရှိ ကိုဟိန်းဇင်(ခ)ကိုထိန်လင်းဆိုသူဖြစ်ပြီး ယနေ့သုံးနာရီခွဲခန့်က မီးသင်္ဂြိုဟ်လိုက်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များက အင်အားအများအပြားဖြင့် စစ်ရေးလှုပ်ရှားမှုများရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေကြောင်းသိရသည်။

ယင်းမာပင်ခရိုင်တပ်ရင်း – ၂၁၊ တပ်ရင်း – ၂၂နှင့် တပ်ရင်း – ၂၃ တို့ဖြင့် ကျောက်လုံးကြီး KLG PDF ဟု ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်စက်တင်ဘာလ လေးရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်း လာရာလမ်းတွင် မိုင်းထောင်နေစဉ် မတော်တဆ ပေါက်ကွဲခဲ့သောကြောင့် ယင်းမာပင်ခရိုင် တပ်ရင်း (၂၁) မှ ဒုတပ်စိတ်မှူးကျဆုံးခဲ့ကြောင်းသိရသည်။

ကျောက်လုံးကြီး KLG PDF စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်စုစုပေါင်း ၂၆ ဦးရှိကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ