ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကိုးကန့် (MNDAA) တပ်နှင့် မဟာမိတ်တပ်များက ယနေ့ဆက်လက်သိမ်းပိုက်နိုင်ကြောင်း ဒေသအခြေစိုက်ဖေ့စ်ဘုတ်စာမျက်နှာများမှ သိရသည်။

ချင်းရွှေဟော်မြို့မှ နမ့်ကျွမ်းစစ်စခန်းနှင့် အခြားစခန်းနှစ်ခုကို ကိုးကန့် (MNDAA) တပ်နှင့် မဟာမိတ်တပ်များက ယနေ့နံနက်စောပိုင်းမှ စတင်ကာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားသည်။

စစ်ကောင်စီတပ်၏ တပ်မ (၃၃) တပ်ဖွဲ့ဝင်အများအပြားသေဆုံးနေသည့်အပြင် လက်နက်ကြီးလက်နက်ငယ်များ သိမ်းဆည်းရမိသည်ကို တိုက်ပွဲနှင့်ဆက်စပ်သည့် ထုတ်ပြန်ချက်တွင် ပါဝင်သည့်ဓာတ်ပုံများအရ တွေ့ရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကိုလည်း အရှင်ဖမ်းမိကာ စစ်ဆေးမေးမြန်မှုအရ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ) တိုင်းမှ လေယာဉ်ဖြင့် လားရှိုးသို့လာပြီး ရဟတ်ယာဉ်ဖြင့် စစ်မြေပြင်သို့ ရောက်ရှိခြင်းဖြစ်ကြောင်းထွက်ဆိုနေသည်ကို တွေ့ရသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ကိုးကန့် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် စစ်အာဏာရှင်ကို တိုက်ဖျက်ရန်နှင့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)များကို တိုက်ဖျက်ရန် “၁၀၂၇ စစ်ဆင်ရေး” ဟုအမည်ပေးထားသည့် စစ်ဆင်ရေးတစ်ရပ်ကို ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့သည့်။

အဆိုပါစစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များအပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) နှင့် အခြားမဟာမိတ်တပ်များလည်း ပါဝင်နေပြီး စစ်ကောင်စီတပ်စခန်း ငါးခုထက်မနည်းကို သိမ်းပိုက်ထားသည်။

သတင်း – Hkashi

ဓာတ်ပုံ – The Kokang

 

သင့်ထင်မြင်ချက်ရေးပေးပါ