မြစ်ကြီးနားမြို့တွင် နာရေးကူညီမှုအတွက်အသုံးပြုသည့် ခရစ်ယာန်အသင်းတော်ပိုင်ကားတစ်စီး ခိုးယူခံရမှု ယမန်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန်ခိန်ရပ်ကွက်ရှိ သတ္တမနေ့အသင်းတော်ပိုင် တိုယိုတာ၊ အာလ်ဖတ် (Alphard) အမျိုးအစား ကားတစ်စီးကို ဘုရားကျောင်းဝန်းအတွင်းလူမရှိစဉ် ခြံဝန်းတံခါးသော့များရိုက်ဖျက်ခိုးယူသွားခြင်းဖြစ်ကြောင်း သတ္တမနေ့အသင်းတော်မှသင်းအုပ်ဆရာ သိက္ခတော်ရဦးလှူးအာ ကThe 74 Media ကိုပြောသည်။

“ကျနော်တို့အသင်းတော်မှာက (ဒါလဝန်) အစောင့်လည်းမရှိတော့ ကျနော်တို့ ၇ နာရီခွဲလောက်မှာ ဝင်းတံခါးအကုန်လုံးပိတ်ပြီး ဝိုင်းမော်မှာ ကျွန်တော်တို့အသင်းတော်ရဲ့ အမျိုးသမီးညီလာခံပွဲကိုသွားလိုက်တာ။ ဂိတ်တံခါးသော့လည်း ရိုက်ဖြုတ်ထားတယ်။ ကျွန်တော်တို့နေအိမ်ထဲကအခန်းသော့ကိုလည်းရိုက်ချိုးပြီးတော့ သော့အားလုံးကိုမွှေနှောက်ပြီးတော့ ကားသုံးစီးရှိတဲ့အထဲက Alphard ကားကိုယူသွားတာ” ဟုဆိုသည်။

ဘုရားကျောင်းဝန်းအတွင်းရှိ ကားရပ်နားရာနေရာတွင် Light Truck အမျိုးအစားကား နှစ်စီးနှင့် Alphard အမျိုးအစားကား စုစုပေါင်းသုံးစီးထဲမှ နာရေးကူညီမှုအတွက်အသုံးပြုသည့် အာလ်ဖတ် (Alphard) ကားကို ခိုးယူသွားခြင်းဖြစ်ကြောင်း သူကပြောသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပ.လ.န နယ်မြေရဲစခန်းအပါအဝင် သက်ဆိုင်ရာသို့ အကြောင်းကြားတိုင်တန်းထားပြီး ခိုးယူခံရသည့်ကားမှာ လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင် ခိုးဆိုးလှုယက်မှုများ ပိုမိုများပြားလာသလို ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်ခိုးမှုနှင့်နေအိမ်အတွင်းမွေးမြူထားသည့် ဝက်များပါ ခိုးယူခံနေရကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“သူခိုးသောင်းကျန်းတာတော့မပြောနဲ့တော့ဗျာ။ မျက်စိတစ်မိတ်လျှပ်တစ်ပြတ်ပဲ။ ခိုးပုံခိုးနည်း လိမ်ပုံလိမ်နည်းအစုံပဲ။ ဝက်တွေကစပျောက်တယ်ဗျာ။ ရေမော်တာကစ မပျောက်တာဘာမှမရှိဘူး။ ခိုးတာလောက်ကတော့ ရဲတွေလည်း ဂရုမစိုက်နိုင်တော့ဘူးနဲ့တူပါတယ်ဗျာ” ဟုဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း ဧရာရပ်ကွက်၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်အနီးရပ်ထားသည့် တိုယိုတာ၊ ပရာဒို (Prado) အမျိုးအစားကားတစ်စီး ခိုးယူခံရမှုဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ကလည်း မနောင်အားကစားကွင်းလမ်းကြား၊ ဂျပန်လမ်းတွင် ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသည့်လူငယ်သုံးဦးက သေနတ်ပြကာ ကားတစ်စီးကို လုယက်ခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ