ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ချင်းရွှေဟော်မြို့နှင့်အခြားနေရာအချို့တွင် ကိုးကန့် (MNDAA) တပ်နှင့် ညီနောင်မဟာမိတ်တပ်များက ယနေ့နံနက် လေးနာရီမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရာအနှံ့ထိုးစစ်စတင်ဆင်နွဲလိုက်ကြောင်း သိရသည်။

လားရှိုးမြို့-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းမများမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်များနှင့် စစ်စခန်းများကို တစ်ချိန်တည်းတွင် တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲများနှင့် စစ်သားအများအပြားသေဆုံးကာ အချို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် စတင်ခဲ့သည့် စစ်ဆင်ရေးတွင် ချင်းရွှေဟော်မြို့နှင့် ယင်းမြို့နယ်နမိတ်အစနေရာဖြစ်သည့် ဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။

လားရှိုးမြို့အနီးရှိ စစ်ဆေးရေးဂိတ်ကိုလည်း တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု လားရှိုးဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လားရှိုးပတ်ဝန်းကျင်ပဲပြောရမယ်ဆိုရင် မနက် ၄ နာရီကနေ စပစ်တာ ကျွန်တော်တို့ထတဲ့ချိန် ၇ နာရီထိပစ်ကြတယ်။ အခုတောင်အသံထွက်နေသေးတယ်။ ဒါပေမဲ့ ခုကအပြန်အလှန်ပစ်ကြတဲ့အသံတော့မဟုတ်တော့ဘူး။ တစ်ဖက်ကပဲ ထွက်တဲ့အသံလို့ယူဆတယ်။ ပြီးတော့ဒီမနက် သူတို့ပစ်တာက လားရှိုးအဝင်တိုးဂိတ် ဟိုပိတ်ရွာမှာရှိတဲ့ ဂိတ်မှာလဲပစ်တယ်။ ပြီးတော့ လားရှိုးကနေ ချင်းရွှေဟိုဘက်သွားတဲ့ ကင်းစခန်းတိုင်းလဲပစ်ကြတယ်တဲ့။ ပြီးတော့ လာရှိုးအဝင်ဟိုပိတ်တိုးဂိတ်က စစ်တပ်ကြီးတော့မရှိဘူး။ အရင်ကတော့ ASW ဂိတ်လို့ခေါ်ပေမဲ့ ခုတော့မခေါ်ကြတော့ဘူး။ အဲ့မှာက စစ်တပ်ကြီးမရှိပေမဲ့ သိတဲ့အတိုင်းပဲ ဗမာစစ်သားနဲ့ ရဲတွေရှိတော့ တစ်စစီပစ်ခံရတာ။ လမ်းတစ်လျောက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေအကုန်ပစ်တာ။ သိမ်းတယ်လို့ပြောတဲ့ဟာက ချင်းရွှေဟိုဘက်သွားတဲ့ စစ်ဆေးရေးဂိတ်တော့မဟုတ်ဘူးသူက စကစ(စစ်ကောင်စီ) စခန်းတစ်ခုလဲသိမ်းနိုင်တယ်လို့ကြားတယ်” ဟု ဆိုသည်။

၁၀၂၇ ဟုအမည်ပေးထားသည့်စစ်ဆင်ရေးတွင် ကိုးကန့် (MNDAA)၊ တအောင်းလွတ်မြောက်ရေးတပ် (TNLA) နှင့် ရခိုင့်တပ်တော် (AA) တို့ ပူးပေါင်းပါဝင်သည်ဟု သတင်းမီဒီယာအချို့တွင်ဖော်ပြထားသော်လည်း The 74 Media က အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နံနက်ပိုင်းတွင် ပျံ့နှံ့လာသည့် ဓာတ်ပုံများတွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အများအပြား လမ်းမပေါ်တွင် သေဆုံးနေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားသည်။

သတင်း – Hkashi၊ Zami

ပုံ – ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသော ပုံများ။

 

သင့်ထင်မြင်ချက်ရေးပေးပါ