တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ယနေ့ နံနက် ခုနှစ်နာရီခန့်က စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် (၄) ရှိ ဒေသခံပြည်သူများ၏ နေအိမ်ပေါ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နှစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်းအမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကသေပြီး ကျန်တဲ့ငါးယောက်ကထိခိုက်ဒဏ်ရာရတယ်။ နှစ်ယောက်ကပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ ကချင်လည်းပါတယ်၊ ပလောင်လည်းပါတယ်တဲ့” ဟု ပြောသည်။

လက်နက်ကြီးကြောင့် သေဆုံးသွားသူ နှစ်ဦး၏ အသေးစိတ်အချက်အလက်များကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အလားတူ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ယမန်နေ့ ည ၉ နာရီခန့်က ကွတ်ခိုင်မြို့နယ် နမ့်ခွမ်ကျေးရွာတွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“သူက လက်နက်ကြီးသံတွေကြားရတော့ အိမ်မှာတစ်ယောက်ထဲမနေချင်ဘူးဆိုပြီး ဘေးအိမ်ကိုသွားတာတဲ့။ အဲ့အိမ်ကိုရောက်တာနဲ့လက်နက်ကြီးက သူ့ရှေ့မှာကျတော့ အဲ့မှာတင်ပွဲချင်းပြီးဖြစ်တာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများ ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်၏ ၁၃ မိုင်အကွာတွင် တရုတ်ကျောင်းသွားသည့် ကျောင်းသားနှစ်ဦးသည်လဲ နှစ်ဖက်တိုက်ပွဲကြားတွင် ကြည်ထိမှန်သေဆုံးခဲ့ရကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ချင်းရွှေဟော်မြို့နှင့်အခြားဒေသအချို့တွင် ကိုးကန့် (MNDAA) တပ်နှင့် ညီနောင်မဟာမိတ်တပ်များက ယနေ့နံနက် လေးနာရီမှစတင်ကာ ၁၀၂၇ ဆိုသည့် စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရာအနှံ့ထိုးစစ်တိုက်ခိုက်နေကြောင်း သိရသည်။

သတင်း – Zami

ပုံ – နမ့်ဖတ်ကာဖြစ်စဉ်တွင် သေဆုံးသွားသူနှစ်ဦးနှင့် ဒဏ်ရာရရှိသွားသူများကိုတွေ့ရစဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ