ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအများစုတွင် ယနေ့နံနက်မှစတင်ကာ တိုက်ပွဲများပြင်းထန်နေသောကြာင့် လားရှိုးမြို့လေဆိပ်သို့ လာရောက်မည့် လေယာဉ်ခရီးစဉ်များကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။

လားရှိုးမြို့လေဆိပ်တွင် ယနေ့ဆင်းသက်မည့် ရန်ကုန်-လားရှိုးနှင့် လားရှိုး-တာချီလိတ် ခရီးစဉ်နှစ်ခုရှိပြီး အဆိုပါခရီးစဉ်များ Cancel (ပယ်ဖျက်) လိုက်ခြင်းဖြစ်ကြောင်း လေကြောင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အဓိကတော့ ကွင်းပိတ်တာမဟုတ်ပါဘူး။ Flight Cancel ဖြစ်တာပါ။ နောက်နေ့အတွက် ကျနော်တို့ Flight Plan မှာဘာမှထူးခြားမှုမရှိပါဘူး” ဟုဆိုသည်။

လေယာဉ် အဆင်း/ အတက် ခရီးစဉ်များကိုပိတ်ထားသည့်အတွက် လာရှိုးမြို့သို့ မလာရောက်နိုင်ကြောင်း ရန်ကုန်မြို့မှ လားရှိုးမြို့သို့ လာရောက်မည့်ခရီးသည်တစ်ဦး၏ မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်တောင်မှ ဆင်းလို့မရတော့ဘူး ဘာညာပြောတာလေ။ ကျွန်တော်တို့အမျိုးတွေလာစရာရှိတာတောင်မှ လာလို့မရတော့ဘူး။ လားရှိုးမှာဆင်းဖို့အဆင်မပြေတော့ဘူးဆိုတော့ ရန်ကုန်ကနေလာမယ့် လေယာဉ်တွေမလာတော့ဘူး” ဟုဆိုသည်။

လားရှိုးလေဆိပ်တွင် တစ်ရက်လျှင်သုံးကြိမ်ထက်မနည်း လေယာဉ်ဆင်းတက်လေ့ ရှိပြီးယနေ့က လေယာဉ်သံမကြားရကြောင်းကို လေယာဉ်ကွင်းအနီးနေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဝင်အထွက်အားလုံးပိတ်တယ်လို့တော့ကြားတယ်၊ ဒီနေ့ကပုံမှန်လေယာဉ်သံတွေတော့ မကြားရဘူး။ ဟတ်စကီးတွေ ထူးထူးဆန်းဆန်းအသံတွေတော့ကြားရတယ်။ ပိတ်ထားကမှန်တယ်ထင်တယ်၊ လေယာဉ်ကွင်းလမ်းကြောင်းတော့ အသွားအလာမရှိဘူး၊ အရမ်းတိတ်ဆိတ်နေတယ် ခါတိုင်းနဲ့မတူဘူး။ ခါတိုင်းကတော့ သုံးခါလေးခါလောက်ကြားရတယ်၊ ဒီနေ့ကတော့ မကြားရဘူး” ဟုပြောသည်။

ထို့အပြင် လားရှိုး- ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကိုလည်း ယနေ့နံနက် ၆ နာရီကစတင်ပိတ်လိုက်ကြောင်း ကိုးကန့် (MNDAA) အဖွဲ့ကထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့တို့က ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ကာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ကြောင်းကြေညာခဲ့ပြီး လားရှိုးမြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်များရှိ စစ်ကောင်စီစခန်းများကို နံနက် ၄ နာရီအချိန်ခန့်တွင် တစ်ပြိုက်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

သတင်း – Thu Ta၊ Dureng

ပုံ – ပုံဟောင်းအသုံးပြုထားသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ