ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”ကြေညာချက်ကိုကြိုဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်းပါဝင်မည်ဟု ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါကြေညာချက်တွင် ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးတွဲထုတ်ပြန်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ထောက်ခံကြိုဆိုကြောင်း ပါရှိသည်။

ထို့အပြင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် ထပ်တူတစ်သားတည်းရှိပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် “တောင်သမန်စစ်ဆင်ရေး” ဖြင့် ပူးပေါင်းတိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် ပူးပေါင်းတပ်များက အောက်တိုဘာလ ၂၇ ရက် နံနက်အစောပိုင်းမှစတင်ကာ လားရှိုး၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်များနှင့် ချင်းရွှေဟော်မြို့များရှိ စစ်ရေးပစ်မှတ်အများအပြားကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ အချို့ကို အရှင်ဖမ်းမိခဲ့သည်။

ချင်းရွှေဟော်မြို့ကို လက်ရှိအချိန်တွင် ကိုးကန့် (MNDAA) တပ်က သိမ်းဆည်းထားသည်ဟု သိရပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

သတင်း – Hkashi

 

သင့်ထင်မြင်ချက်ရေးပေးပါ