အရက်သေစာသောက်စားထားသော ဒေသအခေါ် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာမှ ဘော်ဒါဆောင်နေကျောင်းသားများကို ယမန်နေ့ နေ့လယ်က ထိုးကြိတ်ခဲ့သောကြောင့် ကျောင်းသူတစ်ဦး သတိမေ့မျောသွားကြောင်းသိရသည်။

ဂါးရာယန်ကျေးရွာရပ်ကွက် (၁) ရှိဘော်ဒါဆောင်တစ်ခုတွင် အရက်မူးနေသည့် ဒေသအခေါ် ဦးရွှေမင်းပြည်သူ့စစ်သားနှစ်ဦးက ကျောင်းသားကျောင်းသူသုံးဦးကို ဆဲဆိုထိုးကြိတ်ခဲ့သောကြောင့် အသက် ၁၂ နှစ်ခန့်အရွယ် လမာဘောက်ဆိုင်းဆိုသူ သတိမေ့မျောသွားကြောင်း ဂါးရာယန်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမှာက အမျိုးသားဘော်ဒါနဲ့ အမျိုးသမီးဘော်ဒါဆောင်ဆိုပြီးနှစ်ခုရှိတယ်။ အခုပြည်သူ့စစ်တွေလာသောင်းကျန်းသွားတာက အမျိုးသမီးဘော်ဒါဆောင်မှာဟုတ်တယ်။ ပြည်သူ့စစ်တွေရောက်လာတာကမကြာသေးဘူး။ ဘော်ဒါဆောင်နဲ့လည်းနီးတယ်သူတို့နေတာက” ဟုပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးသည် စစ်ဝတ်စုံနှင့်သေနတ်များကိုင်ဆောင်ထားကာ ဆဲဆိုပြီး အမျိုးသမီးဘော်ဒါဆောင်အတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဘော်ဒါဆောင်အနီးတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များစခန်းချထားပြီး ဖုန်းအားသွင်းသည်ကိုအကြောင်းပြကာ အကြောင်းမဲ့လာရောက်နှောက်ယှက်ခြင်းဖြစ်ကြောင်း ဂါးရာယန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့က ဖုန်းအားလာသွင်းမယ်ဆိုပြီးအကြောင်းလာရှာတာ၊ ဒီမှာက ညအချိန်သုံးဖို့လောက်ပဲရှိတဲ့ ဆိုလာပြားတစ်ခုပဲရှိတယ်။ အဲ့ဒါကြောင့် စကားနည်းနည်းများရာကဖြစ်တာ၊ သူတို့ဆီမှာက ဘူးဂါးမီးလည်းရှိတယ်။ သက်သက်မဲ့ ပြဿာနာလာရှာတာ” ဟုပြောသည်။

ထိုးကြိတ်ခံရသူများတွင် အသက် ၁၃ နှစ်အရွယ် မောင်တူးဂျာ၊ အသက် ၁၄ နှစ်အရွယ် မောင်အောင်နူးလာနှင့် အသက် ၁၂ နှစ်အရွယ် မဘောက်ဆိုင်းတို့ဖြစ်ကာ ပြည်သူ့စစ်နှစ်ဦး၏ ထိုးကြိတ်မှုကြောင့် မေ့လဲသွားသည့် မဘောက်ဆိုင်းကို ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကျောင်းသူကို ထိုးကြိတ်ပြီးနောက် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် ဆေးရုံတက်နေသော ကျောင်းသူအတွက် ကျပ်ငွေ ငါးသိန်းပေးကာနှစ်သိမ့်ခဲ့ကြောင်း သိရသည်။

ဂါးရာယန်ကျေးရွာသည် ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလမှ စတင်ကာ အိမ်ထောင်စု ၃၈၄ ခုအခြေချနေထိုင်နေပြီး အင်အားဆယ်ချီရှိသည့် ပြည်သူ့စစ်များက ကျေးရွာ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တပ်စွဲနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ