ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယနေ့နံနက်မှစတင်ကာ ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ဖော်ဆောင်လျက်ရှိသည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) လည်း ပါဝင်နေကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးတွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် ပါဝင်နေခြင်းဖြစ်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“Operation 1027 (၁၀၂၇ စစ်ဆင်ရေး) မှာ မဟာမိတ်ညီနောင်တပ်ဖွဲ့များနှင့်အတူ ကျွန်တော်တို့ BPLA က စစ်ကြောင်းနှစ်ကြောင်းနဲ့အဓိကပါဝင်တိုက်ပွဲဆင်နွှဲနေပါတယ်” ဟုဆိုသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ၏တိုက်ပွဲစတင်ပြီဖြစ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အများပြည်သူထံ သတင်းစကားပါးလိုကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့ ကွပ်ကဲရေးမှူးပြောသလိုပဲ ကျွန်တော်တို့ BPLA က စိတ်ရှည်လက်ရှည်နဲ့ လူတွေအထင်အမြင်လွဲခံ၊ ပင်ပန်းဆင်းရဲဒဏ်ခံပြီး (၂)နှစ်ကျော်ကြာ တည်ဆောက်ခဲ့ရတာတွေကို အခုတခေါက်မှာတော့ ဗမာပြည်သူတွေ နားလည်လာနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ကျနော်တို့အတွက်တော့တိုက်ပွဲက အခုမှ စတာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမှာပါလို့ အများပြည်သူကိုသတင်းစကားပေးချင်ပါတယ်” ဟု ဆိုသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာ့နှစ်ဆန်း ၁ ရက်) နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်ရန်၊ အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒတိုက်ဖျက်ရန်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်စနစ်တည်ထောင်ရန် အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်အတူ လက်နက်ကိုင်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။

သတင်း – Hkashi

ပုံ – BPLA

သင့်ထင်မြင်ချက်ရေးပေးပါ