စစ်ကောင်စီတပ်က ၎င်းတို့ရှေ့တန်းစခန်းသို့ လေကြောင်းမှတစ်ဆင့် ချပေးခဲ့သော ထမင်းကြော်များသည် အာဏာသိမ်းခဲ့သည့်လက ထုတ်လုပ်ထားသော ထမင်းကြော်များဖြစ်နေကြောင်း ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဒုတိယဗိုလ်မှူးကြီး ဂွမ်မော်က ယမန်နေ့ညက သူ၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ရှေ့တန်းတပ်သားများအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်လုပ်ထားပြီး နှစ်ချီကြာမြင့်နေသော ထမင်းကြော်များကို ပို့ဆောင်ပေးခဲ့သောကြောင့် ထမင်းကြော်ရရှိခဲ့သော စစ်ကောင်စီတပ်သား မသေဆုံးခင် မည်ကဲ့သို့ ခံစားသွားရမည်ကို တွေးတောမိကြောင်း ဒုတိယဗိုလ်မှူးကြီး ဂွမ်မော်က ရေးသားထားသည်။

ဒုတိယဗိုလ်မှူးကြီး ဂွမ်မော်က ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့က သိမ်းပိုက်ခဲ့သော လိုင်လွမ့်ရှေ့တန်းစခန်းသို့ သွားရောက်ကာ KIA စစ်သည်များကို အားပေးစကားပြောကြားခဲ့ကြောင်း ပုံများနှင့်တကွဖော်ပြထားသည်။

စစ်ကောင်စီတပ်က ပေးပို့ခဲ့သော ထမင်းကြော်ထုတ်များအပြင် GOLDEN DRAGON FOOD MANUFACTURING ကုမ္ပဏီထုတ် ငရုတ်သီးဆော့အထုတ်များလည်း ပါဝင်သည်ကိုတွေ့ရှိရသည်။

စစ်ကောင်စီတပ်၏ လိုင်လွမ့်စခန်းကုန်းသည် ဝိုင်းမော်နှင့်မိုးမောက်မြို့နယ်အစပ် ဗန်းမော် – မြစ်ကြီးနားကားလမ်းတွင်ရှိသော စခန်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးများရှိခဲ့သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော လိုင်လွမ့်စခန်းသိမ်းရုပ်သံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေသည်ကိုတွေ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ဖမ်းဆီးထားသည်တွေ့ရသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးစလုံးမှာ သက်ကြီးရွယ်အိုများဖြစ်ပြီး KIA စစ်သည်များက အစားအစာလိုက်ကျွေးနေသည်ကိုလည်းမြင်တွေ့ရသည်။

မြစ်ကြီနား-ဗန်းမော်လမ်းမကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခုခံရင်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရခြင်းဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကို ဖြေကြားထားသည်။

ဗန်းမော် – မြစ်ကြီးနားလမ်းပိုင်းနှင့် လိုင်လွမ်အောင်ဂျာကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်ခဲ့စဉ် စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် လက်နက်ရိက္ခာသေတ္တာများ ချပေးခဲ့သော်လည်း သေတ္တာအချို့ကို KIA က သိမ်းဆည်းရရှိခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) သည် လွန်ခဲ့သည့် ရက်သတ္တပတ်က ရွှေကူမြို့နယ် ငါးဘတ်ဝကျေးရွာရှိ တာဝါတိုင်စခန်းကုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်မှ စစ်ကောင်စီတပ်စခန်းနှင့် မိုးမောက်မြို့နယ်မှ လိုင်လွမ့်စခန်းတို့ကို သိမ်းဆည်းခဲ့သည်။

သတင်း – David
ပုံ – ကချင်လွတ်မြောက်ရေးတပ် (KIA) ဒုတိယဗိုလ်မှူးကြီး ဂွမ်မော် ဖေ့စ်ဘုတ်

သင့်ထင်မြင်ချက်ရေးပေးပါ