စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသောကြောင့် ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရွာအနီးတွင်သာ စစ်ကောင်စီစစ်ကြောင်းရှိနေသောကြောင့် ကျေးရွာ ၂၀ ခန့်မှဒေသခံပြည်သူများ ထွက်ပြေးနေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ရွာပြီးတစ်ရွာရှောင်ကြတာ အနီးနားမှာတွေထိုးနေတော့ ဘယ်သူမှမနေရဲဘူး။ ဒုက္ခရောက်ရတာပေါ့။ တစ်ရွာနဲ့တစ်ရွာ အကူအညီတောင်းပြီး လှည့်ပတ်ရှောင်နေရတာ တချို့တွေကလည်း တောတွေကြားထဲမှာ ပုန်းခိုနေကြရတာပေါ့ မိုးကာတဲလေးတေနဲ့” ဟုပြောသည်။

စစ်ကြောင်းဝင်ရောက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကိုတွေ့ရှိပါက ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသောကြောင့် သက်ကြီးရွယ်အိုများအပါအဝင် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“အရင်စစ်ကြောင်းတုန်းကလည်း ရွာထဲမှာကျန်ခဲ့တဲ့သူတွေကို ခေါင်းတွေ၊ လက်တွေ၊ ခြေထောက်တွေ အကုန်ဖြတ်ပြီးသတ်ခဲ့တာဆိုတော့ မနေရဲကြဘူးလေ။ အဲ့ကောင်တွေက အသက်ကြီးတာတွေဘာတွေ နားမလည်တော့ အားလုံးကိုအဆင်ပြေသလိုခေါ်သွားရတာပေါ့” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၁၀၀ ခန့်ပါရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့မှစတင်ကာ ရေဦးမှ ဒီပဲယင်းသို့ဝင်ရောက်လာခြင်းဖြစ်ပြီး ပျူစောထီးတပ်ဖွဲ့ဝင်များလည်းပါဝင်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ ကိုကြီးဖြိုးကပြောသည်။

“နယ်မြေကျွမ်းကျင်တဲ့ပျူတွေကို လမ်းပြအဖြစ်ခေါ်ဆောင်ပြီး စစ်ကြောင်းထိုးနေတယ်လို့သိရတယ်။ လောလောဆယ်မှာတော့ သူတို့(စစ်ကောင်စီ)တွေက ရွာတွေကိုမွှေတယ် ပြီးတော့ရွှေတွေ့ရင်ရွှေယူတယ်၊ ငွေတွေ့ရင်လည်းယူတယ် တွေ့သမျှအကုန်ယူတယ်။ အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွားကအစ သတ်ဖြတ်စားသောက်သွားတာ” ဟုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ဒီပဲယင်းမြို့နယ် သိမ်ဘာကျေးရွာတွင်ရောက်ရှိနေပြီး ညအိပ်နိုင်ကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း အဆိုပါစစ်ကြောင်းက ဝပါကျေးရွာကိုဝင်ရောက်ခဲ့ပြီး နေအိမ်များကိုမီးရှို့ခဲ့သောကြောင့် နေအိမ် (၇) လုံးနှင့် စပါးတိုက် (၄) လုံးရှိ စပါးတင်း (၈၀၀) ခန့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

သတင်း – Dureng

ပုံ – ဒီပဲယင်းမြို့နယ်ညီနောင်များ FB Page

သင့်ထင်မြင်ချက်ရေးပေးပါ