စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်က ဖမ်းဆီးသွားသည့် ဝိုင်းမော်မြို့နယ်မှ ကျောင်းသားနှစ်ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့က နေအိမ်တစ်အိမ်မှ လာရောက်ဖမ်းဆီးသွားပြီးနောက် အောက်တိုဘာလ ၁၉ ရက်နေ့က ပို့ဆောင်လိုက်ကြောင်းသိရသည်ဟု မုတ်ကြိတ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောင်းသားနှစ်ယောက်ကို KIA စစ်သားလုပ်တယ်ဆိုပြီး ဖမ်းသွားတာဟုတ်တယ်။ ကိုယ်ပိုင်နံပါတ်မရှိတာကို အရမ်းရိုက်၊ အရမ်းနှိပ်စက်ပြီး နံပါတ်ပြောအောင်လုပ်ခိုင်းတယ်။ သူတို့နှစ်ယောက်က ကြောက်လို့ရှိတယ်လို့ပြောလိုက်တယ်တဲ့” ဟုပြောသည်။

ဖမ်းဆီးခံထားရသည့် အသက် ၁၇ နှစ်ခန့်အရွယ်ရှိ ကိုးတန်းကျောင်းသား မရစ်တူးဆိုင်းနှင့် အသက် ၂၁ နှစ်ခန့်အရွယ်ရှိ မောင်မဂေါင်ဒွဲဝေါမ်တို့ကို အောက်တိုဘာလ (၁၅) ရက်နေ့က ဝူယန်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၀ ခန့်က နေအိမ်မှလာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

မောင်မရစ်တူးဆိုင်းနှင့် မောင်မဂေါင်ဒွဲဝေါမ်တို့ မြောက်ပိုင်းတိုက်စစ်ဌာနချုပ်သို့ပို့ဆောင်ခံလိုက်သည်ကို ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထံမှ သိရခြင်းဖြစ်ကြောင်း အသက် ၃၅ နှစ်ခန့်အရွယ်ရှိ လမြန်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“တိုင်းကိုပို့လိုက်တယ်ဆိုတာကို ပြည်သူ့စစ်တွေဘက်က ကြားရတာဟုတ်တယ်။ အခုထိကို မလွှတ်ပေးသေးဘူး။ ကျွန်တော့အမြင်တော့ ကလေးနှစ်ယောက်ကို ပြည်သူ့စစ်တွေနှိပ်စက်ပြီး ဝန်ခံခိုင်းတာနေမှာ အခုလိုမျိုးအကြမ်းပတမ်းနှိပ်စက်ဝန်ခံခိုင်းတာ မတရားဘူး” ဟုပြောသည်။

အဆိုပါနှစ်ဦးနှင့်အတူ လမ်းသွားလမ်းလာပြည်သူနှစ်ဦးကိုဖမ်းဆီးသွားသော်လည်း အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာတွင်လည်း ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာလက စစ်ကောင်စီလက်အောက်ခံ ဒေသအခေါ် လီဆူပြည်သူ့စစ်က ဒေသခံအမျိုးသားသုံးဦးကို သေနတ်ပစ်ဖောက် ရိုက်နှက်ဖမ်းဆီးပြီး နှစ်ဦးကိုမူ တစ်ဦးလျင် ငွေကျပ်ငါးသောင်းဖြင့် ရွေးယူခိုင်းခဲ့သည်။

ဝိုင်းမော်မြို့နယ် ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းအမျိုးသားခြောက်ဦးကိုလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ