စပါးဖျက်ပိုးကျရောက်ခဲ့သည့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ တောင်ယာစပါးခင်းများတွင် အခင်း၏သုံးပုံတစ်ပုံခန့်သာ ရိတ်သိမ်းနိုင်သဖြင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်နေရကြောင်း သိရသည်။

မိုင်ထောင်းကျေးရွာနှင့် ခကရန်းယာန်ကျေးရွာရှိ တောင်ယာစပါးခင်းများတွင် စပါးပင်စိုက်ပျိုးပြီး သုံးလခန့်အကြာ ပြီးခဲ့သည့်ဇူလိုင်လက စပါးနှံများဖျက်ဆီးခံခဲ့ရသောကြောင့် အထွက်နှုန်းကျဆင်းသွားခြင်းဖြစ်သည်ဟု ခကရန်းယန်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အခုကရိတ်လို့ရသလောက်ကတော့ အကုန်ရိတ်ကြပြီ လျော့တာတော့တော်တော်လျော့တယ်။ စပါးခင်းတွေက နှစ်တိုင်းပျက်စီးနေပေမဲ့ ဒါပဲလုပ်စားတတ်တာဆိုတော့ အဲ့ဒါပဲလုပ်စားနေကြတာ။ တခြားအလုပ်တွေလည်း မလုပ်တတ်ဘူး။ လုပ်ဖို့လည်းနည်းလမ်းမသိဘူးဟုတ်တယ်” ဟုပြောသည်။

ကြွက်အန္တရာယ်နှင့် စပါးဖျက်ပိုးအန္တရာယ်များ နှစ်နှစ်ဆက်တိုက်ကြုံတွေ့ခဲ့ရသဖြင့် စားဝတ်နေရေးဖြေရှင်းနိုင်ရန် အလွန်ခက်ခဲပြီး မလိခမြစ်အနီးနေထိုင်သူများက ရွှေကျင်ကာ ဖြေရှင်းနေရကြောင်း ဆွမ်ပရာဘွမ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မနှစ်တုန်းကကြွက်စား၊ ဒီနှစ်လည်းပိုးစားဆိုတော့ အစားအသောက်မစားရတာတွေတော့ဖြစ်မှာပဲ။ အခုက ဆန်ဈေးလည်း အရမ်းတက်လာတယ်။ မနှစ်တုန်းကတော့ အစားလျော့စားတာတွေရှိတယ်။ မလိခမြစ်နဲ့နီးတဲ့နေရာကဒေသခံတွေတော့ ကမ်းဘေးမှာထိုးလောင်းလောင်း(ရွှေကျင်)ပြီး ဆန်ဝယ်စားကြတယ်။ သူတို့ဘက်က အဲ့လိုလည်းလုပ်စားလို့မရတာဟုတ်တယ်” ဟုပြောသည်။

အဆိုပါကျေးရွာများသည် မြစ်ကြီးနာ – ပူတာအို ကားလမ်းမပေါ်တွင် တည်ရှိပြီး မလိခမြစ်နှင့်ဝေးသောကြောင့် တောင်ယာထွက် ဟင်းသီဟင်းရွက်များနှင့် ခြံထွက်အသီးအနှံများကို ကားလမ်းနံဘေးတွင် ရောင်းချကာ မိသားစုစားဝတ်နေရေး ဖြေရှင်းကြကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လက စပါးပင်များနှင့် စပါးနှံများကို ဖျက်ပိုးများကဖျက်ဆီးခဲ့သဖြင့် စပါးခင်း (၇၀) ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရပြီး အဆိုပါကျေးရွာများတွင် စပါးဖျက်ပိုး မကြာခဏကျရောက်လေ့ရှိသောကြောင့် နှစ်ရှည်သီးနှံစိုက်ပျိုးသည့် စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်နေသော်လည်း သုံးနှစ်ခန့်သာရှိသေးကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်သည် ၂၀၂၁ ခုနှစ်မှစတင်ကာ ကြွက်ဘေးဒုက္ခကိုကြုံတွေ့နေရပြီး ၂၀၂၂ ဩဂုတ်လကလည်း ဆွမ်ပရာဘွမ်၊ လိုင်ဝါးယန်၊ ဆွပ်ခါး၊ ခကရန်ယန်၊ ဒရူးခ၊ ခဂါးယန်၊ မိုင်ထောင်၊ ဆူယန်၊ အင်ဂေါမ၊ ခင်ဒူကောင်၊ ပင်ဆောင်း၊ အင်တားဂလူစသောကျေးရွာများမှ သီးနှံများပျက်စီးခဲ့ကာ ရိတ်သိမ်းရန်မရှိအောင်ပင် ကြုံတွေ့ခဲ့ရသည်။

ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလကလည်း တစ်လက်မမှ နှစ်လက်မခန့် အရွယ်အစားရှိသော ကျိုင်းကောင်များက တောင်ယာစပါးနှင့် သီးပင်စားပင်များကို စားသောက်ဖျက်ဆီးခဲ့သောကြောင့် ဒေသခံပြည်သူများက လေးပုံတစ်ပုံခန့်သာ စပါးရိတ်သိမ်းနိုင်ခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ပြီးခဲ့သည့် ဇူလိုင်လက စပါးဖျက်ပိုးကျရောက်စဉ်

သင့်ထင်မြင်ချက်ရေးပေးပါ