မြေပြိုမှုထပ်မံဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ တောက်ပကြယ်ကုမ္ပဏီ ကျောက်စိမ်း လုပ်ကွက်ဟောင်းရေကန်တွင် ယနေ့နံနက် ၆ နာရီခန့်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့က မြေစာပြိုကျခဲ့သည့်နေရာတွင် ရုပ်အလောင်းတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြင့်မြတ်သူလူမှုကူညီရေးအသင်းက လာရောက်ဆယ်ယူသွားကြောင်း ဆန်ခါကျေးရွာနေ ရေမဆေးသမားတစ်ဦးက The 74 Media ကိုပြောသည်။

“ဟိုတစ်နေ့က မြေစာပြိုတဲ့ထဲ ပါသွားတဲ့သူတွေထဲက ဟုတ်တယ်။ အလောင်းကကြာလာတော့ ပုပ်ပွပြီး အပေါ်ကိုတက်ခဲ့တာ။ မြင့်မြတ်သူအသင်းကလာပြီး ဒီမနက် (၈) နာရီလောက်မှာ  အလောင်းကိုရေကန်ထဲက ဆယ်ယူသွားကြတယ်” ဟုပြောသည်။

အဆိုပါမြေပြိုမှုတွင် ပျောက်ဆုံးနေသူများ စာရင်းလာရောက်ပေးထားခြင်း မရှိထားသည့်အတွက် ရုပ်အလောင်းကို လုံးခင်းသုသာန်သို့ ပိုဆောင်လိုက်ကြောင်း ဆန်ခါလူမှုကူညီရေးအသင်းမှ အဖွဲဝင်တစ်ဦးက ပြောသည်။

“လူပျောက်စာရင်းတွေက လာမပေးကြတော့ ကျွန်တော်တို့အနေနဲ့ ရှာရတာလည်းခက်တယ်။ အခုတစ်လောင်းပေါ်လာတယ်။ သုသာန်မှာပဲထားထားပေးတယ်။ တကယ်လို့ပိုင်ရှင်ပေါ်ခဲ့ရင်လည်း ကြည့်ဖိုအတွက်” ဟုပြောသည်။

မြေစာပြိုကျခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွှဲ ၂ နာရီခန့်ကလည်း ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိခဲ့ကာ ပျောက်ဆုံးနေသူများလည်းရှိနေပြီး ရှာဖွေရေးပြုလုပ်နေချိန်တွင်လည်း မြေစာများ ဆက်လက်ပြိုကျခဲ့သည်။

အဆိုပါ တောက်ပကြယ်ကုမ္ပဏီ ကျောက်စိမ်းလုပ်ကွက်တွင် ပြီးခဲ့သည့် အောက်တိုဘာ (၁၈) ရက်နေ့ကလည်း  မြေစာပြိုကျခဲ့သောကြောင့် ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ