လာမည့်နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ဗန်းမော်ခရိုင်‌ မနောင်ပွဲကိုရွှေ့ဆိုင်းရန် ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဗန်းမော်မြို့၊ အောင်သာရပ်ကွက်တွင် ဆောက်လုပ်ထားသည့် မနောင်ရင်ပြင်၊ မနောင်မုခ်ဦးနှင့် မနောင်တိုင်ဖွင့်ပွဲ အစီအစဉ်များကို နောက်သုံးလသို့ ရွှေ့ဆိုင်းလိုက်သည်ဟု ဗန်းမော်မြို့နေ ဘာသာရေးဆရာတစ်ဦးက The 74 Media ကို ပြောသည်။

“ပွဲလုပ်လို့ရမယ့် အခြေအနေ စောင့်ကြည့်မယ်ပေါ့နော်။ နိုင်ငံရေးအခြေအနေကောင်းရင် လုပ်မယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘူးပေါ့။ အခြေအနေကောင်းတဲ့အချိန်ပေါ့ သုံးလအခြေအနေစောင့်ကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟုပြောသည်။

အဆိုပါ အစည်းအဝေးကို ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးကော်မတီဦးဆောင်ပြီး ဗန်းမော်ခရိုင်အတွင်းရှိ အသင်းတော်များမှ တာဝန်ရှိသူများ၊ ရိုးရာလူကြီးများ၊ မနောင်ပွဲဖြစ်မြောက်ရေး ကော်မတီများနှင့် လူငယ်များ ပါဝင်တက်ရောက်ခဲ့ပြီး ပွဲပြန်လည်ကျင်းပမည့်အချိန်ကို ဆွေးနွေးထားခြင်းမရှိကြောင်း ဗန်းမော်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

“မနောင်ပွဲကို တရားဝင်ရက်ရွှေ့လိုက်ပါပြီ။ ဒါပေမဲ့ပွဲကိုတော့ ဘယ်နေ့ဘယ်အချိန်မှာ ပြန်လုပ်မယ်ဆိုတာတော့ ဆွေးနွေးထားခြင်း မရှိသေးပါဘူး။ အခြေအနေကောင်းရင်တော့ လုပ်မယ်ပေါ့။ မကောင်းရင်တော့ မလုပ်ဘူး” ဟုပြောသည်။

လက်ရှိအချိန်တွင် မနောပွဲကျင်းပပြုလုပ်ရန်အတွက် အများပြည်သူက ကန့်ကွက်နေပြီး ဒေသအတွင်း ဖြစ်နေသော အခြေအနေများကို စိုးရိန်‌နေခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီများမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဓိက ကတော့ စိုးရိမ်လို့ပေါ့။ အနေအထားက အလယ်မှာ သတိနဲ့နေရတဲ့ အနေအထားဆိုတော့။ ကော်မတီဝင်တွေကတော့ နည်းလမ်းနှစ်ခု၊ သုံးခုစဉ်းစားထားတယ်တော့ပြောတယ် အတိအကျတော့မသိဘူး။ အစကတော့ ပွဲလုပ်ဖို့ အားလုံးကတက်ကြွကြတာပေါ့။ ဒီဒေသပတ်ဝန်းကျင်မှာ ဖြစ်နေတာကို ပြန်ကြည့်လိုက်ရင် အကုန်လုံးက စိုးရိမ်နေကြတာ။ ပွဲလုပ်မယ်လို့လုပ်နေတဲ့အချိန်မှာပဲ အမျိုးမျိုးဖြစ်လာတယ်” ဟုပြောသည်။

ဗန်းမော်မြို့မှာ ကျင်းပမည့် မနောင်ရင်ပြင်၊ မနောင်မုခ်ဦး၊ မနောင်တိုင်သစ်ဖွင့်ပွဲနှင့် စတုတ္ထကြိမ်မြောက် အင်လုံအင်နန်ရှာ ကောက်သစ်စားရိုးရာ ဆွတ်မနောင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၃ – ၂၅ ရက်အတွင်း ကျင်းပရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

မနောင်ပွဲ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် မနောင်ကွင်းကို ၁၉၉၆ ခုနှစ်ကစပြီး မနောင်ကွင်းအဖြစ် သတ်မှတ်ခဲ့ပြီး ယခုနှစ်အတွင်း မနောင်တိုင်၊ မနောင်ရင်ပြင်နှင့် မနောင်မုခ်ဦးကို ဆောက်လုပ်နေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလက မနောင်တိုင်စိုက်ထူရန် ပြင်ဆင်နေချိန် စစ်တပ်က ဘူဒိုဇာဖြင့် အကြမ်းဖက် ဖြိုချခဲ့သည်။

သတင်း – Pan Soon, Zami

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ