စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ.ဝ.က) ဝန်းထမ်းများက မိုးညှင်းမြို့ပေါ်ရပ်ကွက်များတွင် လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် (Biometric Data) လိုက်လံကောက်ယူနေကြောင်းသိရသည်။

နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်များကို Smart Card (E-ID) အဖြစ်ပုံစံပြောင်းရန်အတွက် အချက်အလက် ဖြည့်သွင်းမည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မှတ်ပုံတင်မိတ္တူကိုင်ဆောင်ကာ သွားရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က စားပွဲခုံမှာ လက်ပ်တော့လေးနဲ့ ထိုင်စောင့်နေတာ။ စာရင်းသွင်းရတယ် ပြီးရင်ထုတ်ပေးတဲ့ချလန်နဲ့ လက်ဗွေတွေ မျက်စိစကင်န်ဖတ်တဲ့ မှန်ဘီလူးတွေကြည့်ဖို့ ကျွန်တော်တို့တန်းစီရတာ။ လက်မကလွဲရင် လေးချောင်းကို နှစ်ဖက်ကို တစ်ခါယူရတယ် ပြီးရင် လက်မနှစ်ဖက်ကိုယူပြီးတော့ မှန်ဘီလူးလိုဥစ္စာကို မျက်စိနဲ့ကြည့်ရတာ” ဟုဆိုသည်။

ရပ်ကွက်အလိုက်လိုက်လံကောက်ခံနေခြင်းဖြစ်ပြီး အောက်တိုဘာလ တတိယအပတ် ယခုအပတ်မှ စတင်ကောက်ယူနေခြင်းဖြစ်ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ကောက်တာတော့ကြာပြီ ရပ်ကွက်တောင် သုံးလေးခုလောက်ပြောင်းပြီးသွားပြီ။ ကျွန်တော်တို့ရပ်ကွက်တော့ မကောက်ရသေးဘူး။ ဒီကနေ့တော့ အောင်သပြေရပ်ကွက်မှာ ကောက်နေတယ်” ဟုပြောသည်။

အချက်အလက်ဖြည့်သွင်းရာတွင် မှတ်ပုံတင်ပါအချက်အလက်၊ သွေးအမျိုးအစား၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာများ ပါဝင်ပြီး အားလုံးပြီးစီးပါက ၎င်းအချက်အလက်များ၊ QR Code နှင့် Unique ID ဂဏန်း ၁၀ လုံးပါ စာရွက်တစ်ခုကို ထုတ်ပေးကြောင်း သွားရောက်ပြုလုပ်ခဲ့သူများ၏ ပြောဆိုချက် အရသိရသည်။

၂၀၁၄ သန်ခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းတွင် မှတ်ပုံတင်ကိုင်ဆောင်သူ ၃၈ သန်းရှိသော်လည်း စစ်ကောင်စီတပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းများကို e-ID Biographic Registration Software နည်းပညာဖြင့် လူဦးရေ ၅၂ သန်းကျော်ကို စာရင်းသွင်းပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်ကလည်း ဗန်းမော်မြို့ရှိ အခြေခံပညာကျောင်းများနှင့် မိုးမောက်မြို့ပေါ် ရပ်ကွက်အချို့တွင် ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် Biometric Data များ ကောက်ယူခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်များကို Smart Card ပြောင်းလဲနိုင်ရန် အချက်အလက် ကောက်ယူခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ရှေ့ပြေးစီမံကိန်းအဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တိုင်းနှင့် ပြည်နယ်အချို့တွင် အချက်အလက် ရေးသွင်းခြင်းလုပ်ငန်းများ ဆောက်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ