မိုးညှင်းမြို့တွင် အမည်မသိလက်နက်ကိုင်အဖွဲ့စည်းတစ်ခုက ဖမ်းဆီးသွားသည့် အမျိူးသားတစ်ဦး တစ်ပတ်ကျော်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်းသိရသည်။

စိမ်းရတနာမွန်မြောက်ရပ်ကွက်ရှိ နေအိမ်မှ အသက် ၆၀ ကျော်ခန့်အရွယ်ရှိ ဦးခင်မောင်ဦးကို အောက်တိုဘာလ ၁၄ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိုးညှင်းမြို့ခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူက ခလရ ၁၅ မှာအဝင်အထွက်တွေရှိတာပေါ့ သတင်းပို့တာတွေဘာတွေ။ ၁၄ ရက်နေ့မှာ ဖမ်းခေါ်သွားတာ? အလောင်းက ထင်ကြေးပေါ့လေ စည်ပင်အမှိုက်ပုံမှာပစ်ထားတယ်ဆိုပြီးရှာကြသေးတယ်။ တကယ်တော့ မဟုတ်ဘူး” ဟုဆိုသည်။

ဦးခင်မောင်ဦးမှာ ကချင်ပြည်နယ်အခြေစိုက် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) ၏ သတင်းထောက်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဝန်ထမ်းမဟုတ်ကြောင်း EPN အယ်ဒီတာချုပ် ကိုမင်းမင်းဦးက ပြောသည်။

“သူကအရင်ကတော့ သတင်းတွေရေးပို့တယ်။ အခုတော့ပန်းရန်၊ လက်သမားလုပ်နေတာပဲ အခုလောလောဆယ်က။ အစ်ကိုတို့တော့ (သူ့အခြေအနေနဲ့ပတ်သက်ပြီး) ဘာမှမသိရသေးဘူး။ အစ်ကိုတို့သိရင် အစ်ကိုတို့ရေးမှာပေါ့” ဟုဆိုသည်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူနှင့်ပတ်သက်ပြီး မိုးညှင်းမြို့နယ်ရှိ မည်သည့်အဖွဲ့မှ မိမိတို့လက်ချက်ဖြစ်သည်ဟု တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိ‌သေးပါ။

မြစ်ကြီးနားမြို့အခြေစိုက် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) သည် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့က ကျောထောက်နောက်ခံပြုထားသည့် သတင်းဌာနတစ်ခုဖြစ်ပြီး ယင်းသတင်းဌာန၏ မူလဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာကို ၂၀၂၁ ခုနှစ်တွင် Meta ကုမ္ပဏီက ဖြုတ်ချခဲ့သည်။

မိုးညှင်းမြို့ လူရည်ချွန်‌ဘော်ဒါဆောင်အနီးတွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က အလွတ်တန်း သတင်းထောက်ဟောင်းနှင့် ဓါတ်ပုံတိုက်ပိုင်ရှင် ဦးသန်းထွန်းအောင်(ခ) အားဖူဆိုသူ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။

မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟုဆိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ