စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၁ နာရီခန့်က ဒီပဲယင်းမြို့နယ်၊ ဝဘာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကို ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

အင်းအား ၁၀၀ ကျော်ခန့်ပါရှိသည့်စစ်ကြောင်းက အောက်တိုဘာလ ၁၉ ရက်နေ့က ရေဦးဘက်မှ ဒီပဲယင်းမြို့နယ်သို့ ဝင်ရောက်ပြီး ယနေ့နံနက် ၆ နာရီခန့်က စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ ကိုကြီးဖြိုးက The 74 Media ကိုပြောသည်။

“မြို့ပေါ်မှာရှိတဲ့ပျူတွေကလမ်းပြလုပ်ပြီး ဒီနေ့စစ်ကြောင်းထိုးနေတာဆိုတာသိရပါတယ်။ လက်တလောကတော့ ကျေးရွာရဲ့အခြေအနေ၊ ဘာတွေဖျတ်ဆီးသွားလဲ၊ ဘာတွေယူဆောင်သွားလဲ၊ နေအိမ်ဘယ်လောက်ပါသွားလဲဆိုတာ အတိကျမသိသေးဘူးပေါ့နော” ဟုပြောသည်။

ဒေသခံများက ကြိုတင်ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ဖမ်းဆီးခံရသူမရှိကြောင်းသိရပြီး အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ အနီးရှိမှန်သာကျေးရွာတွင်ရောက်ရှိနေကြောင်း သူကပြောသည်။

ဝဘာကျေးရွာကို ပြီးခဲ့သည့်နှစ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးကာ နေအိမ် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ယခုအချိန်ထိ ပြန်လည်ဆောက်လုပ်နိုင်ရန် အခက်အခဲများရှိနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီဘက်မှာက လောလောဆယ်တော့ ထန်းရွက်တို့ဘာတို့နဲ့ပဲ အမိုးအကာလေးတွေပေါ့။ မီးရှို့ထားတဲ့ သွပ်လေးတွေကို ပြန်နင်းပြီးဖြောင့်ပြီးတော့ အကျန်တွေကိုပဲ အဆင်ပြေသလိုလုပ်ပြီး နေကြတာပေါ့။ အိမ်အကြီးကြီးတွေဆောက်ဖို့လည်း ဘယ်သူမှအစီစဉ်မရှိကြဘူး။ ဘာလို့လည်းဆိုတော့ သူတို့စစ်ကြောင်းထိုးရင် ပြန်ရှို့ခံရမှာကြောက်လို့လေး” ဟုပြောသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးချိန် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတို့၏ နေအိမ်များမှ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်သွားကြပြီး အိမ်ကိုမီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေရေးထိုင်ရေးအတွက် အခက်ခဲများစွာရှိနေကြောင်းသူကဆက်ပြောသည်။

“သူတို့စစ်ကြောင်းထိုးလာတယ် လိုချင်တာတွေယူသွားလိုက်ပေါ့ ဘာပဲယူယူဗျာ။ စစ်ကြောင်းပြန်သွားလို့ ကျွန်မတို့ ပြေးတဲ့နေရာကနေပြန်လာရင် နေစရာခိုစရာမရှိအောင် လက်မဲ့ဘဝမျိုးထိလုပ်သွားတာကတော့ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ရော တော်တော်လေး ဒုက္ခရောက်ရတယ်၊ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်” ဟုပြောသည်။

ဝဘာကျေးရွာမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့ကလည်း နေအိမ် ၇၀ ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ဝင်ရောက် မီးရှို့ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ် ဝဘာကျေးရွာအုပ်စုတွင် ကျေးရွာသုံးရွာပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု လေးရာကျော်ခန့်ရှိကာ လူဦးရေ နှစ်ထောင်ခန့်နေထိုင်ကြောင်း သိရသည်။

သတင်း – Dureng
ပုံ – ဒီပဲယင်းမြို့နယ်ညီနောင်များ FB Page

သင့်ထင်မြင်ချက်ရေးပေးပါ