စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့ညနေလေးနာရီခွဲခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြိုနယ်တွင် KIO အရာရှိတစ်ဦးအပါအဝင် ငါးဦကျဆုံးခဲ့ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၆) နယ်မြေ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု မန်ကန်တောင်ရှိ တပ်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ချိန် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“ဒီနေ့ပြန်လာပစ်တာက တပ်မဟာ (၆) မန်ကန်တောင်ကို လာပစ်တာ တပ်မဟာကအကြီးဆုံးကျသွားတယ်။ တခြားကျတာတွေလည်းရှိတယ် အသေးစိတ်မသိသေးဘူး” ဟုပြောသည်။

KIO ၏ တပ်မဟာအဆင့်အရာရှိတစ်ဦးအပါအဝင်ငါးဦးကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျဆုံးခဲ့သည့် KIA တပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။

“ဟုတ်တယ်မှန်တယ်၊ စိတ်အရမ်းမကောင်းလို့ စိတ်အခြေအနေမကောင်းဘူးဖြစ်နေတယ်။ အားလုံးပေါင်း ငါးယောက်ကျတယ်လို့ကြားထားတယ်” ဟုပြောသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေပြီး ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်အစပ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နေ့လယ်ပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ