ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာတွင် ဆောက်လုပ်ရေးပစ္စည်းများနှင့် လုပ်သားများတင်ဆောင်လာသည့် ကားတိမ်းမှောက်မှုတွင် သေဆုံးသူဦးရေ ခုနှစ်ဦးထိရှိလာပြီး လေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ကားနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများပိမိကာ သေဆုံးခဲ့ကြခြင်းဖြစ်ပြီး ကားကိုချောက်မှ ဆွဲတင်နိုင်ရန်လည်း ကြိုးစားနေဆဲဖြစ်သည်ဟု မွန်မြတ်စေတနာ လူမှုကူညီနေအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ပျောက်ဆုံးနေတဲ့လေးယောက်က ကားအောက်မှာပိနေလားဆိုတာက အဲ့ကားသံဘုတ်ကြီးကိုဖယ်လိုက်မှ သိရမှာ။ အဲ့သံဘုတ်ကြီးအောက်မှာရှိချင်လည်းရှိမှာပေါ့နော်။ ဒီနေ့ဘက်ဟိုးတွေဘာတွေခေါ်ပြီးလုပ်ပေမဲ့ တောင်စောင်းဆိုတော့ အဆင်မပြေဘူး။ အခုသယ်လာတဲ့အလောင်းတောင် ကားကိုအစစီဖြတ်ပြီး ထုတ်လာတာ” ဟုပြောသည်။

ပျောက်ဆုံးနေသူလေးဦးတွင် ကလေးတစ်ဦးပါဝင်သည်ဟု ကနဦးသိရပြီး အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ကာ ကားပေါ်ပါရှိသည့် လုပ်သား ၃၇ ဦးမှာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ လာရောက်ကြသူများဖြစ်ကြောင်း သိရသည်။

တိမ်းမှောက်သည့်ကားမှာ ဟိုပင်မြို့မှဖြစ်ပြီး ရှငေါ်ကျေးရွာအဝင်ကုန်းအတက်တွင် ဝိတ်များသောကြောင့် မတက်နိုင်ဘဲ နောက်ပြန်လိမ့်ကာ တံတားဘောင်နှင့် တိုက်မိပြီးတိမ်းမှောက်ခဲ့ဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

“ငါက သူတို့တက်လာပါစေဆိုပြီး ကုန်းပေါ်မှာစောင့်တယ်။ တစ်ဝက်လောက်ပဲတက်နိုင်တယ်၊ မတက်နိုင်လို့ နောက်ပြန်လိမ့်လာတာ ဘာနဲ့မှလည်းဖမ်းလို့မရတော့ အောက်မှာတံတားရှိတဲ့ဟာကို တံတားအုပ်ဘောင်ကို ကျုံးပြီးမှ နှစ်ဘီးကဟိုဘက်မှာမလွတ်တော့၊ ဟိုဘက်အခြမ်းဝိတ်ပိုများလို့ ဟိုဘက်ကို ကျသွားတာဟုတ်တယ်။ ဝိတ်အရမ်းများလို့ ဖြစ်သွားတာ။ ဘိလပ်မြေလည်း တော်တော်များတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိထားသူများမှာလည်း ဘိလပ်မြေများနှင့်ဖုံးနေပြီး ခက်ခဲစွာဆွဲထုတ်ခဲ့ရကြောင်း သူကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည် ၂၅ ဦးတွင် အချို့မှာ ဝိုင်းမော်ပြည်သူ့ဆေးရုံနှင့် မြစ်ကြီးနားပြည်သူ့ဆေးရုံတို့တွင် ဆေးကုသမှုခံယူနေပြီး ဒဏ်ရာသက်သာသွားသူများကို လုပ်ငန်းဆိုက်မှ လာရောက်ခေါ်ယူသွားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလကလည်း အဆိုပါကုန်းအနီးတွင် ယာဉ်မတော်တဆမှုကြောင့် မိန်းကလေးနှစ်ဦး ကားကြိတ်မိကာ သေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Dureng

ပုံ – မွန်မြတ်စေတနာ လူမှုကူညီနေအသင်း FB page

သင့်ထင်မြင်ချက်ရေးပေးပါ