မြေပြိုမှုဖြစ်ပွားခဲ့သော လုံးခင်းကျေးရွာအုပ်စုတွင် ယနေ့ မွန်းလွှဲ ၂ နာရီခန့်က မြေပြိုမှုထပ်မံဖြစ်ပွားခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ တောက်ပကြယ်ကုမ္ပဏီကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် မြေပြိုမှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိထားသည့် သုံးဦးကို ရှာဖွေတွေ့ရှိထားသည်ဟု ရေမဆေးသမားတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်ပြိုတဲ့နေရာရဲ့ဘေးမှာထပ်ပြိုတာပါဗျ လောလောဆယ် ဆေးခန်းကို ပို့ထားပေးတယ်။ အခုပြိုတဲ့နေရာမှာက လက်ကျင်း လေးကျင်းလောက်ရှိတာဆိုတော့လေ။ စာရင်းကောက်ထားတဲ့အရတော့ နောက်ထပ် ငါးယောက်လောက်ကျန်သေးတယ်ဗျ” ဟုပြောသည်။

ညနေ ၅ နာရီခန့်က ရှာဖွေမှုရပ်တန့်ခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိနေဆဲဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

“ကျွန်တော့သူငယ်ချင်းရဲ့ အသိတစ်ယောက်ပါသွားတယ်။ သူငယ်ချင်းကပြေးလွတ်ပြီး က‌ချင်ကောင်လေးကပါသွားတာ။ ဆိုင်ကယ်ပဲကျန်နေတယ် အလောင်းကထုတ်မရသေးဘူးဖြစ်နေတယ်။ တချို့လည်းပါသေးတယ် ဆယ်ယောက်မပြည့်ရင်တောင် ငါးခြောက်ယောက်တော့ရှိမယ်” ဟုပြောသည်။

ရှာဖွေမှုပြုလုပ်နေချိန်တွင်လည်း မြေစာများ ဆက်လက်ပြိုကျခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရသိရသည်။

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာ တောက်ပကြယ်ကုမ္ပဏီ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ည ၉ နာရီခွဲခန့်ကလည်း မြေစာပြိုကျခဲ့သဖြင့် အသက် ၃၂ နှစ်ခန့်အရွယ်ရှိ ကိုဆန်းကျော်လှဆိုသူ သေဆုံးခဲ့ပြီး အခြားအမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Pe Ti, Zami

ပုံ – မြေပြိုမှုဖြစ်ပွားခဲ့သောနေရာအားတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ