ရိက္ခာရှာရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကံဇီးရွာမှဆိုင်ကယ်ဖြင့်ထွက်လာသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ယမန်နေ့ နံနက် ၇ နာရီခန့်က ရွာအထွက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာခရိုင်အမှတ် ၅ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“မိုင်းရှင်းရင်းနဲ့ ရိက္ခာထွက်ရှာလာတဲ့ ရဲနှစ်ယောက် ကျွန်တော်တို့ပွိုင့်ကိုရောက်လာတဲ့အချိန်မှာ ခြုံခိုတိုက်ခိုက်ခဲ့တာပေါ့။ တစ်ယောက်ကတော့ နေရာမှာပဲပွဲချင်းပြီးသေသွားတယ်ဗျ။ နောက်တစ်ယောက်က ကျွန်တော်တို့ဖမ်းခေါ်လာပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် နောက်မှသေသွားတာပေါ့” ဟုဆိုသည်။

အဆိုပါကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ ရိက္ခာမရောက်သည်မှာ ငါးလခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

“သူတို့ကို ချောင်းဦးကနေ လေးလတစ်ကြိမ်ရိက္ခာပို့ကြတယ်။ အခုဆိုရင် ရိက္ခာမပို့တာ ငါးလရှိပြီဖြစ်လို့ သူတို့ရိက္ခာပြတ်ကြပြီ။ သူတို့ရွာဘေးပတ်ချာလည်တွေ ပြည်သူတချို့စိုက်ထားတာလေးတွေ ခိုးယူတယ်။ လုယူတယ် အဲ့လိုမျိုးလေးတွေပေါ့” ဟုပြောသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ အသက် ၂၆ နှစ်ခန့်အရွယ်ရှိ ရဲတပ်သား ထွန်းကျော်စွာ (ခ) ထွန်းထွန်းနှင့် ရဲတပ်သား အောင်ဆန်းမြင့်တို့ဖြစ်ပြီး G -3 အမျိုးအစား သေနတ်နှစ်လက်၊ ကျည်အိမ်ငါးခု၊ ကျည်တောင့် ၁၅၀၊ ကျည်ကာအင်္ကျီတစ်ထည်၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ဘေးလွယ်အိတ်တစ်လုံး၊ ဓားရှည်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သွားရောက်တိုက်ခိုက်ရာတွင် ဗျူဟာတပ်ရင်းလေးရင်းဖြစ်သော မုံရွာခရိုင်တပ်ရင်း ၅၊ Aung San Force A.S.F၊ မုံရွာခရိုင်တပ်ရင်း ၇၊ မုံရွာခရိုင်တပ်ရင်း ၂၅ သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း ၂၈ တို့နှင့်အတူ We Must Win မီးတောက်တပ်ခွဲ ၄ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ချောင်းဦးမြို့နယ် ကံဇီးရွာသည် ပျူစောထီးအားကောင်းသည့်ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲထားသည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်သည်။

သတင်း – Thu Ta

ဓာတ်ပုံ – မုံရွာခရိုင်အမှတ် ၅ တပ်ရင်း A.S.F

သင့်ထင်မြင်ချက်ရေးပေးပါ