နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသော ဝိုင်းမော်နှင့်မိုးမောက်မြို့နယ်အစပ်မှ စစ်ကောင်စီစခန်းတစ်ခုအား ယနေ့ နေ့လယ်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်(KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

နန်ဆန်ယန်ကျေးရွာအနီး မြစ်ကြီးနား-ဗန်းမော် ကားလမ်းဘေးရှိ စစ်ကောင်စီတပ်၏ လိုင်လွမ့်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“သိမ်းနိုင်ပြီ။ အခုနယ်မြေရှင်းလင်းရေး လုပ်နေတယ်။ တပ်မဟာ ၂ လှုပ်ရှားတပ်တွေနဲ့ တပ်မဟာ ၅ တွေပေါင်းပြီးသိမ်းတာဟုတ်တယ်။ ဘယ်လိုအခြေအနေဆိုတာ မသိရသေးဘူး။ သိမ်းနိုင်ပြီဆိုတာပဲ သိရသေးတယ်”ဟုဆိုသည်။

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုအခြေအနေအား မသိရသေးကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ဆက်ပြောသည်။

“၁၂ နာရီ မိနစ် ၂၀ လောက်ကမှတိုက်ပွဲစတာ။ အခုက နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ လေယာဉ်က အခုလည်း ပြန်ရောက်လာပြီ။ လေယာဉ်နဲ့ လာပစ်တာ ၄ ခေါက်ရှိပြီ” ဟုပြောသည်။

အဆိုပါ လိုင်လွမ့်စခန်းကုန်းကို ယခင်က ကေအိုင်အေတပ်ဖွဲ့ဝင်များ မကြာခဏ သွားရောက်တိုက်ခိုက်နေသော စခန်းဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။

“အရင်ကတည်းက ခဏခဏ သွားတိုက်နေတဲ့ တပ်စခန်းကို သိမ်းလိုက်နိုင်ပြီလို့ သတင်းရတယ်။ ကားလမ်းဘေးက စခန်းပေါ့။ နမ်ဆန်ယာန်ဘက်ကနေ မြစ်ကြီးနားပြန်ရင် ဘယ်ဘက်အခြမ်းက တောင်ပေါ်က စခန်း၊ အရမ်းမြင့်တဲ့ တောင်ပေါ်က စခန်းကို သိမ်းလိုက်နိုင်တာ” ဟု ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးအခြေအနေနှင့်ပတ်သက်ပြီး The 74 Media က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဗန်းမော် – မြစ်ကြီးနားလမ်းပိုင်းနှင့် လိုင်လွမ်အောင်ဂျာကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေသည်မှာ ၃ လကျော်ရှိပြီဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) သည် လွန်ခဲ့သည့် ၂ ရက်က ရွှေကူမြို့နယ် ငါးဘတ်ဝကျေးရွာရှိ တာဝါတိုင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး ယမန်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်၊ မုံးပေါ်ကျေးရွာက စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းနိုင်ခဲ့သည့်အပြင် ယနေ့တွင်လည်းနောက်ထပ်စခန်းတစ်ခုအား ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – David၊ Doi Awng၊ Pan Soon

ပုံ – KIA သိမ်းပိုက်ခဲ့သော လိုင်လွမ့်စခန်းကို ဂူဂဲလ်မြေပုံတွင် တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ