ဗန်းမော်မြို့ရှိ ရွှေဆိုင်တစ်ဆိုင် ယနေ့ နံနက် ၉ နာရီခန့်က ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတစ်ပိဿာခန့် လုယူသွားကြောင်း သိရသည်။

အမည်မသိလူငယ်ငါးဦးက သေနတ်များကိုင်ဆောင်ကာ အရှေ့ညောင်ပင်ရပ် ရပ်ကွက်ရှိ အောင်သီရိရွှေဆိုင်တွင်ခင်းထားသော ရွှေထည်များလုယူသွားခြင်းဖြစ်သည်ဟု ဆိုင်ရှင်ဖြစ်သူက The 74 Media ကိုပြောသည်။

“သေနတ်ကိုင်ပြီးဝင်လာပြီးမှ အကုန်လုံးဝပ်ဝပ်ဆိုပြီး ထုခွဲပြီးမှ ခင်းထားတဲ့အထည်လေးတွေပါသွားတာပေါ့။ ဘာမှပြန်ခုခံလို့ မရဘူး။ ဆွဲကြိုး၊ ဆွဲသီး၊ ဟန်းချိန်းအားလုံး ခန့်မှန်းခြေကတော့ တစ်ပိဿာနီးနီးတော့ပါမှာ” ဟုဆိုသည်။

လုယက်ခံရသည့် ရွှေထည်ပစ္စည်းပမာဏကို အသေးစိတ်စိစစ်နေဆဲဖြစ်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင်လည်း တိုင်ကြားထားကြောင်း သိရသည်။

ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ နန်းတော်ဦးဖုန်းဆိုင်တွင်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဓားပြမှုဖြစ်ပွားခဲ့ရာ မြန်မာငွေ ကျပ်သိန်း ၇၀ ကျော်နှင့် တရုတ်ငွေ ယွမ် ၇၀၀၀ ကျော် လုယက်ခံခဲ့ရသည်။

သတင်း – Thu Ta

ပုံ – လုယက်မှုဖြစ်ပွားခဲ့သော အောင်သီရိရွှေဆိုင် (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ