စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးစထိမှန်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖားကန့်မြို့မှ အသက် ၁၂ နှစ်ခန့်အရွယ် မိန်းကလေးကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့၊ တာမခန်ကျေးရွာအုပ်စု၊ နန့်ရေတောင်ကျေးရွာအနီး အောက်တိုဘာလ (၁၈) ရက်နေ့က ဦးခေါင်းတွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး ‌ယမန်နေ့က သေဆုံးသွားခြင်းဖြစ်သည်ဟု အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အားလုံးကအသက်ရှင်လိမ့်မယ်လို့ ယုံကြည်ထားကြတာ။ ဆရာဝန်တွေပြောတာတော့ ဦးခေါင်းဒဏ်ရာက ပိုဆိုးသွားတာတဲ့။ ကလေးကလိမ္မာတယ် မိဘပေါ်လည်းသိတတ်တယ်” ဟုပြောသည်။

သေဆုံးခဲ့သည့် အသက် ၁၂ နှစ်ခန့်အရွယ်ရှိ မသဲစုမွန်မှာ ဦးခေါင်း၊ ဘယ်ဘက်ပါးနှင့် လက်မောင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

မသဲစုမွန်မှာ ထိုအောက်တိုဘာလ (၁၈) ရက်နေ့ညနေ ၄ နာရီခွဲခန့်က ကျေးရွာသုံးရေကန်သို့ ရေချိုးရန်သွားနေချိန် အနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“စစ်တပ်ကုန်းကနေ နှစ်လုံးပစ်ခဲ့တာ တစ်လုံးက ရေချိုးကန်နားကျတာ မြင်တဲ့သူတွေပြောတာတော့ ပေါက်ကွဲအားပြင်းတယ် ကလေးမလေးက တစ်ခါတည်းမြေကြီးပေါ်လဲကျသွားတာကို မြင်လိုက်တယ်။ ရွာထဲတစ်လုံးကျတယ် အဲ့တာက လူအထိအခိုက်မရှိဘူး” ဟုပြောသည်။

ဟောင်ပါးကျေးရွာနှင့် တာမခန်ကျေးရွာတို့တွင် နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံများ ကြားခဲ့ရသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေကြပြီး ဆယ်ဇင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိကြောင်း ဟောင်ပါးကျေးရွာတွင် ကုန်စိမ်းရောင်းချသူတစ်ဦးကပြောသည်။

“တချိုဆို ရွာထဲကနေရှောင်ကုန်ကြပြီး။ ဆယ်ဇင်းဘက်ကိုရှောင်တဲ့သူပိုများတယ်။ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တယ်လို (KIA)နဲ့နီးစပ်တဲ့သူက ပြောပြလာတယ်” ဟုပြောသည်။

အဆိုပါကျေးရွာတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု သတင်းများထွက်ပေါ်နေသဖြင့် သတိဖြင့်နေနေရကြောင်း ဒေသခံပြည်သူများက ပြောသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး ဘွန်ဘရာရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုအောင်စည်ဖြိုးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ