ရှမ်းပြည်နယ်မြောက်ဘက်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ယနေ့မွန်းလွှဲပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ပန်ဆိုင်းမြို့နယ် မုံကိုးမြို့ ယိန်းလာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုများနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုများရှိသည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“နေရာကြီးတစ်ခုနဲ့ ဘေးကအသေးသုံးခုလည်းပါတယ်။ ဗိုလ်မှူးကြီးတစ်ယောက်ထိုင်တဲ့တပ် ဟုတ်တယ်။ တော်တော်သေကြတယ်ကြားတယ် အရှင်လည်းဖမ်းမိတယ်တဲ့ သိမ်းယူရရှိတာတွေ အတိအကျ မသိရသေးဘူ” ဟုပြောသည်။

အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ကြားခဲ့ရပြီး လေကြောင်းအသုံးပြုမှုများလည်းရှိကြောင်း ကွက်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တပ်မမှူးကိုယ်တိုင်စခန်းထိုင်တဲ့နေရာဟုတ်တယ်၊ အခုထိတော့လက်နက်ကြီးနဲ့ပစ်နေတုန်းပဲတဲ့။ မုံးပေါ်အပြင်ဘက် တရုတ်နယ်စပ်ဘက်ဟုတ်တယ်။ နေ့လယ်က တိုက်လေယာဉ်တွေ ကျွန်တော်တို့ အပေါ်ကနေ သွားလိုက်သေးတယ်။ ထိခိုက်ဒဏ်ရာတွေကမသိရသေးဘူး” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်လေးစီးနှင့် တိုက်ခိုက်ရေးရဟတ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“တိုက်လေယာဉ်လေးစီးနဲ့လည်းလာပစ်တယ်၊ အဲ့မှာက ဗျူဟာကျတဲ့ကုန်းဟုတ်တယ်။ ဒါကြောင့် တပ်မမှူးကိုယ်တိုင်ထိုင်တာတဲ့။ အဲ့ဘက်မှာက တခြားရွာတွေလည်းမရှိဘူးလို့တော့ပြောကြတယ်။ လက်နက်တွေလည်း တော်တော်သိမ်းလိုက်နိုင်တယ်။ ကားသုံးစီးနဲ့သယ်တာတောင်အခုထိတဲ့” ဟုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး လွန်ခဲ့သည့်အပါတ်ကလည်း သိန္နီမြို့မှ ကွတ်ခိုင်မြို့သို့ ထွက်ခွာလာသော စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

သတင်း – Doi Awng, Zami

သင့်ထင်မြင်ချက်ရေးပေးပါ