လည်ပင်းတွင် ဓားထိုးသွင်းဒဏ်ရာနှင့် ဓားခုတ်ခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို ယနေ့နံနက် ၈ နာရီခန့်က မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေစက်ရပ်ကွက်ရှိ မေခဝန်ထမ်းအိမ်ရာနောက်ဘက်ရှိ မြို့ပတ်လမ်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး အနီးတွင်ဆိုင်ကယ်သော့တစ်ခုလည်း တွေ့ရှိရသည်ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဖြစ်တာကမနေ့ညထင်တယ်။ ကျေးလက်ကမ္ဘာလောင်းကစားဝိုင်းရှိတဲ့ဘက်ဟုတ်တယ်။ တွေ့တာက ဒီမနက်မှလမ်းဘေးမှာ သေနေတာကိုတွေ့ခဲ့တယ်။ မျက်နှာမှာသွေးတွေနီရဲနေတာပဲ” ဟုပြောသည်။

The 74 Media က ရရှိထားသော ဓါတ်ပုံများအရ ဘယ်ဘက်ပါးတွင် သုံးလက်မခန့်ရှိ ပြတ်ရှဒဏ်ရာ နှစ်ခု၊ မေးရိုးအောက်ဘက်နှင့် လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်။

သေဆုံးနေသူမှာ အသက် ၃၈ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် နယ်မြေ (၁) ရှိ ဒေသအခေါ် ရာဘာခြံလမ်းကြားတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က အမျိုးသမီးတစ်ဦး ဓားထိုးသတ်ဖြတ်ခံခဲ့ရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ