ဝိုင်းမော်မြို့နယ်တွင် ယနေ့မွန်းလွှဲ ၁၂ နာရီခွဲခန့်က ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် အလုပ်သမားများတင်ဆောင်လာသည့် ဆယ်ဘီးကားတစ်စီးတိမ်းမှောက်သောကြောင့် လူငါးဦးထက်မနည်းသေဆုံးပြီး ၁၈ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော် – ချီဖွေလမ်းရှိ ရှငေါ်ကျေးရွာအနီးတွင် သံထည်ပစ္စည်းများတင်ဆောင်ထားပြီး အလုပ်သမား (၃၅) ဦးခန့် စီးနှင်းလိုက်ပါလာသည့် ဆယ်ဘီးကားတစ်စီးတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တံတားဆောက်ဖို့သွားတယ်လို့ပြောတယ်။ ဘယ်ကုမ္ပဏီလည်းတော့ မသိဘူး၊ သံချောင်းတွေ ဘိလပ်မြေတွေတင်ထားတယ်။ ဘယ်လိုမှောက်တာလဲဆိုတာတော့ မသိဘူး။ ကားအောက်ပိနေတာတော့ ရှိတယ်” ဟုပြောသည်။

သေဆုံးသူငါးဦးရှိသည်ဟု ကနဦးသိရပြီး မှောက်နေသည့်ကားကို ကရိန်းနှင့်မတင်မည်ဖြစ်သည့်အပြင် ပျောက်ဆုံးနေသူများလည်းရှိသေးသဖြင့် သေဆုံးသူဦးရေတိုးလာနိုင်သည်ဟု သူကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကားတွင်လိုက်ပါစီးနှင်းလာသူများမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြေအနေစိုးရိမ်ရသည့် လေးဦးကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

The 74 Media ကတွေ့ရှိထားသောဓာတ်ပုံများတွင် အဆိုပါကားမှာ လမ်းအကွေ့ရှိချောက်ထဲသို့ လဲကျနေခြင်းဖြစ်ပြီး ကားနှင့် ပိမိနေသူများ၊ ကားဘီးကြားညှပ်နေသူများလည်းပါဝင်သည်။

ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့က ဈေးဝယ်ပြီးပြန်လာသော သားအမိနှစ်ဦးကို သုံးဘီးဆိုင်ကယ်တစ်စီးဝင်တိုက်ခဲ့သဖြင့် အသက် (၄) နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – မွန်မြတ်စေတနာ (လူမှုကူညီရေးအသင်း)

သင့်ထင်မြင်ချက်ရေးပေးပါ