စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာတွင် ယမန်နေ့ညနေ ၅ နာရီခွဲခန့်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်ကာ ဝင်ရောက်တပ်စွဲထားသော ကျေးရွာအတွင်းဝင်ရောက်ချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဖမ်းခံရပြီးသတ်လိုက်တာမဟုတ်ဘူး ပစ်ခတ်ရင်းနဲ့ကျသွားတာ။ ဖမ်းခံရရင်တော့စုတ်ပြတ်သတ်နေမှာ ခေါင်းတွေဘာတွေဖြတ်ပြီးသတ်တာ။ အခုဟာက ကျည်မှန်ဒဏ်ရာနဲ့ပဲသေနေတာ” ဟုပြောသည်။

ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှာ အသက် ၂၃ နှစ်ခန့်အရွယ်ရှိ ကိုမောင်ကြီးဆိုသူဖြစ်ပြီး ဒေသခံပြည်သူတစ်ဦးမှာလည်း ရေချိုးနေချိန်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့၏ တာဝန်ခံကပြောသည်။

“ဖြစ်စဉ်တွေက ကျေးရွာရဲ့အပြင်ဘက်မှာ ဖြစ်သွားတာ။ တော်လှန်ရေးရဲဘော်ဟာတော့ ပြည်သူရှေ့ကနေ ကာပြီးပစ်ခတ်ရင်း ပြေးရင်းလွာရင်းနဲ့ကျသွားတာ။ ဒေသခံဟာတော့ ရေကန်ထဲမှာရေချိုးနေတာကို ဒီအတိုင်း ပလိန်းပစ်သတ်သွားတာ သူကဘာမှ(တော်လှန်ရေးတပ်ဖွဲ့ဝင်)မဟုတ်ဘူး” ဟုပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူမှာ ကျော်ဇေယျာကျေးရွာတွင်နေထိုင်သည့် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ဦးမင်းဆွေ (ခ) ဦးဖိုးတီးဆိုသူဖြစ်ပြီး ရုပ်အလောင်းကို ယနေ့နံနက် ၁၁ နာရီခန့်က မီးရှို့သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်အား ၁၀၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် ဆားတောင်မြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် လှည့်လည်သွားလာနေသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ဒေသခံပြည်သူ ခုနှစ်ဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း – Dureng

ပုံ – Fiftty two

 

သင့်ထင်မြင်ချက်ရေးပေးပါ