ဗန်းမော်မြို့ရှိ KIA အရာရှိဟောင်းတစ်ဦး၏မိသားစုဝင်များကို ယမန်နေ့ည ၇ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ဖမ်းဆီးသွားပြီး နေအိမ်ကို ဗုံးခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညောင်ပင်ရပ်ရပ်ကွက်ရှိနှစ်ထပ်တိုက်အိမ်မှ တန်ဖိုးကြီးပစ္စည်းများကို ကားဖြင့်သယ်ယူသွားပြီးနောက် နေအိမ်ကိုဖောက်ခွဲဖျက်ဆီး ခဲ့ခြင်းဖြစ်သည်ဟု ဗန်းမော်မြို့ခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ဆလမ်ကဘာ(အရာရှိ) လင်မယားပေါ့။ အရင်နေ့ (အောက်တိုဘာ ၁၇) ကတည်းက ဖမ်းခေါ်သွားတာပေါ့။ ဆလမ်ကဘာဆိုပေမယ့် ထွက်ထားတာကြာပြီ။ သူဌေးဆိုတော့ကွာ အိမ်ထဲရှိတဲ့ပစ္စည်းတွေက နည်းတဲ့တန်ကြေးမဟုတ်ဘူး၊ အကုန်လုံးကားနဲ့တိုက်ယူပြီးတော့ အိမ်အလွတ်ကြီးပဲကိုခွဲတာ” ဟုဆိုသည်။

KIA အရာရှိဟောင်းဆိုသူနှင့် မိသားစုဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၇ ရက်နေ့တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် နေအိမ်ဖောက်ခွဲခံရသည်ကို မသိရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အိမ်ရှင်အမျိုးသားရယ်၊ သူ့ဇနီးနဲ့ တူမဖြစ်သူတစ်ယောက် သူတို့သုံးယောက်ကို အရင်ဖမ်းခေါ်သွားတယ်။ မနေ့ကတစ်နေ့လုံး နေအိမ်ကပစ္စည်းတွေ အကုန်ထုတ်ယူသွားတယ်။ ပြီးရင် ဖောက်ခွဲပေးလိုက်တာ။ ဦးဒရှီလဒွဲက DC (အဖွဲ့အစည်းမှအနား) ယူလိုက်တာက ကြာပြီ လေးနှစ်လောက်ရှိပြီ။ ဘာကြောင့် လာဖောက်ခွဲပေးလိုက်တယ်ဆိုတာ မသိရသေးတာ” ဟုဆိုသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွင်ပါဝင်သည်ဟု စွပ်စွဲခံထားရသူတစ်ဦး၏ မိဘများနေထိုင်သည့် ဗန်းမော်မြို့ ဆင်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကိုလည်း ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့က လာရောက်ချိတ်ပိတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း ဗန်းမော်မြို့တွင် ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ခွန်သာရပ်ကွက်မှ ဒေသခံပြည်သူအချို့ဖမ်းဆီးခံခဲ့ရပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကိုတော့ မသိရှိရပါ။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ