ဖားကန့်မြို့နယ်တွင် ယမန်နေ့က မြေစာပြို့ကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာ တောက်ပကြယ်ကုမ္ပဏီ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ယမန်နေ့ည ၉ နာရီခွဲခန့်က မြေစာပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဆန်ခါကျေးရွာ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မြေစာကများတော့ ဘတ်ဟိုးပါခေါ်ရတယ်။ လောလောဆယ်တော့ သုံးယောက်တွေ့တယ်။ တစ်ဦးသေ၊ နှစ်ဦး မစိုးရိမ်ဒဏ်ရာနဲ့ပေါ့။ ဆက်ပြီးမရှာခိုင်းတော့လို့ ရှာဖွေမှုကို နားလိုက်ပြီ။ ဒဏ်ရာရှိသူတွေကို ဆန်ခါရွာထဲက မိုင်ဆေးခန်းမှာပို့ဆောင်ထားပေးတယ်” ဟုသူကပြောသည်။

နေ့အချိန်ကမိုးရွာပြီးနောက် နေအလွန်ပူထားသောကြောင့် မြေစာများအက်ကာ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဆန်ခါကျေးရွာတွင်နေထိုင်သော ရေမဆေးကျောက်ရှာဖွေသူတစ်ဦးကပြောသည်။

“နေ့လယ်ဘက်က မိုးရွာပြီးနေကပြန်ပူထားတော့ မြေစာတွေကအက်ပြီး ပြိုကျလာတာ။ အောက်မှာကျောက်ရှာနေတဲ့သူ အပေါ်မြေစာက အကုန်ဖုံးသွားသလိုဖြစ်သွားတာပေါ့” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၂ နှစ်ခန့်အရွယ်ရှိ ကိုဆန်းကျော်လှဆိုသူဖြစ်ပြီး ကျန်နှစ်ဦးမှာလည်း ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် တာမခန်ကျေးရွာနှင့် ဟောင်ပါးကျေးရွာကြားရှိ နန့်ရေတောင်ကျေးရွာအနီး ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၂ နှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦး ဦးခေါင်းတွင်ထိခုက်ဒဏ်ရာရရှိခဲ့သည်ဟု အသက် (၂၄) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ရုတ်တရက်စစ်တပ်ကုန်းကနေပစ်တာ အိမ်တောင်တုန်သွားတယ်။ ကလေးမက ခေါင်းကိုထိထားတယ်လို့ သိရတယ်။ စိုးရိမ်ရတဲ့အခြေနေမှာရှိတယ်။ လောလောဆယ် တာမခန်ရွာထဲဖွင့်ထားတဲ့ ဧရာဝတီဆေးခန်းမှာ ဆေးကုသပေးနေတယ်” ဟုသူကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၁၂ နှစ်ခန့်အရွယ်ရှိ မသက်စုမွန်ဆိုသူဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တာမခန့်စစ်တပ်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ လက်နက်ကြီး နှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုလအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား စစ်ရေးအခြေအနေတင်းမာလျက်ရှိပြီး အပြန်အလှန် ဖမ်းဆီးမှု၊ လုပ်ကြံသတ်ဖြတ်မှုနှင့် ခိုးဆိုးလုယက်မှုများလည်း မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ